ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်၍ ဒေသခံ ၁ ဦး သေ၊ ၂ ဦးဒဏ်ရာရ

By ပါခွီး (မဇ္စျိမ)
19 June 2023
ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်၍ ဒေသခံ ၁ ဦး သေ၊ ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်နေရာကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ဒေသခံတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

ကလေးမြို့တောင်ပိုင်း သာယာဝတီ(ထိုမာ)နည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်ကို ဇွန်လ ၁၈ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ဒရုန်းဖြင့် ဗုံးချခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

စစ်ကောင်စီတပ်စွဲထားသည့်နေရာကို Fixed Wings Drone အမျိုးအစားဖြင့်ဗုံးကြဲခဲ့ရာ အထိအခိုက်ရှိ ကြောင်း တိုက်ပွဲတွင်ပါဝင်သူ ရဲဘော်တဦးထံမှသိရသည်။

“စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်း မကြာခဏလုပ်နေတဲ့အတွက် အခုလို ဗုံးချတိုက်ခိုက်ခဲ့တာပါ” ဟု ဒရုန်းတပ်ဖွဲ့ဝင်တဦးက ပြောသည်။

ဗုံးချပြီးနောက် စစ်ကောင်စီတပ်သားများ၏ အော်ဟစ်ဆဲဆိုသံများကြားခဲ့ရပြီး အထိခိုက်များနိုင်ကြောင်း နှင့် သေဆုံးသည့်အရေအတွက်ကို မသိရှိရကြောင်းဆိုသည်။

ညနေ ၄ နာရီ ၁၈ မိနစ်အချိန်တွင် အဆိုပါနေရာကို ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းသို့တိုက်ခိုက်ပြီးနောက် ညနေ ၇ နာရီမှစ၍ စစ်ကောင်စီတပ်များက ကလေးမြို့တောင်ပိုင်းသို့ လက် နက်ကြီးများဖြင့် အချက် ၂၀ ခန့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် ထိုမာကျေးရွာမှ အသက် ၃၄ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပြီး တဦးဒဏ်ရာရခဲ့ကာ သာယာကုန်းကျေးရွာမှ အသက် ၅၀ အရွယ် အမျိုးသမီးတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၉ ရက် ယနေ့တွင် ကလေးမြို့ ညောင်ပင်သာရပ်ကွက်ရှိ မြို့မဈေး၌ ပန်းပန်ထားသည့် အမျိုးသမီး ၂၀ ကျော်ကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly