ဂျပန်နှင့် အိန္ဒိယက စစ်ကောင်စီကိုအားပေးနေမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း ဝေဖန်

By ရွှေနွယ်( မဇ္ဈိမ )
19 June 2023
ဂျပန်နှင့် အိန္ဒိယက စစ်ကောင်စီကိုအားပေးနေမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း ဝေဖန်

ကမ္ဘာ့အင်အားကြီးဒီမိုကရေစီနိုင်ငံများဖြစ်သော ဂျပန်နိုင်ငံနှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများ သည် အာဏာသိမ်းစစ်တပ်နှင့်ပတ်သက်၍ မသိကျိုးကျွန်ပြုခြင်းများနှင့် အကြောင်းအမျိုးမျိုးပြကာ စစ် အစိုးရအား ဆက်လက်အားပေးနေခြင်းကို စိတ်မကောင်းဖွယ်ရာတွေ့ရကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း(ခ) Kim Aris က ဝေဖန်ပြောဆိုလိုက်သည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့ဆုတောင်း တွင် ကိုထိန်လင်း(ခ) Kim Aris က ထိုသို့ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကြာကာလအတွင်း အိန္ဒိယနိုင်ငံမှ မြန်မာစစ်အစိုးရသို့ လက်နက် ထောက်ပံ့မှု အနည်းဆုံးလေးကြိမ်ရှိခဲ့ကြောင်း India For Myanmar အဖွဲ့၏ အချက်အလက်များအရ သိရပြီး ယခုနှစ်တွင်ကျင်းပခဲ့သည့် စစ်ကောင်စီ၏ လွတ်လပ်ရေးနေ့အခမ်းအနားသို့လည်း အိန္ဒိယသံ အမတ်ကြီး တက်ရောက်ခဲ့သည်။

ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့်လည်း ၎င်းငွေကြေးပံ့ပိုးပေးထားသည့် ရထားလမ်းစီမံကိန်းများကို စစ်အုပ်စု နှင့် ဆက်လက်လုပ်ဆောင်နေကြောင်း၊ ဂျပန်နိုင်ငံသည် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ပိတ် ဆို့အရေးယူမှုများပြုလုပ်ရန် ပျက်ကွက်ခဲ့သည့်အပြင် စစ်ကောင်စီတပ်သားများကို စစ်သင်တန်းပေးခြင်း ကဲ့သို့ အားပေးထောက်ခံမှုများပင်ရှိခဲ့ကြောင်း Justic For Myanmar အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကိုထိန်လင်း(ခ) Kim Aris က ၎င်းအနေဖြင့် ငယ်စဉ်က ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့တွင်နေထိုင်ခဲ့ပြီး အဆိုပါ အချိန်များကို အမှတ်တရရှိနေသော်လည်း လက်ရှိ အဆိုပါနိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ရပ်တည်ချက် များသည် မြန်မာပြည်သူများ၏ သဘောထားကို ထင်ဟပ်ခြင်း မရှိကြောင်း ဆိုသည်။

ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း ဒေသတွင်းတည်ငြိမ်ရေး၊ အိမ်နီးချင်းနိုင်ငံများနှင့် လွတ်လပ်စွာကူးသန်းရောင်းဝယ်ရေးတို့အတွက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင် မြှောက်ထားသော အစိုးရတစ်ရပ် မရှိမဖြစ်လိုအပ်သည်ကို မြင်မည်ဟု မျှော်လင့်ကြောင်းလည်း ထောက် ပြ ပြောဆိုသည်။

“ဒီမိုကရေစီအစိုးရ ပြန်လည်ထူထောင်ပြီးသည့်တိုင် အတိတ်တွင် ခွဲခြားဆက်ဆံမှုနှင့် မလိုမုန်းထားမှုများ ကြောင့် ဖြစ်ပေါ်ခဲ့သော နာကျင်မှုများကို ပြန်လည်ကုစားရန် ရှည်လျားသော လမ်းခရီးရှည်ရှိမည်” ဟု ကိုထိန်လင်း(ခ) Kim Aris က ပြောသည်။

၎င်းအနေဖြင့် မိခင်ဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရပြီးချိန်မှ စတင်ကာ အဆက်အသွယ်တစုံတရာမရရှိခဲ့ကြောင်းနှင့် ဗြိတိန်နိုင်ငံခြားရေးရုံးနှင့် လန်ဒန်ရှိ မြန်မာသံရုံး တို့မှတဆင့် တိုက်ရိုက်တောင်းဆိုခဲ့သော်လည်း တုန့်ပြန်မှုတစုံတရာမရရှိခဲ့ကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်က မိခင်ဖြစ်သူ ဒေါ်ခင်ကြည် နာမကျန်းမှုကြောင့် ပြုစုစောင့် ရှောက်ရန် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် မြန်မာ့ဒီမိုကရေစီခရီးကြမ်းတွင် ထဲထဲဝင်ဝင် ပါဝင်လာရာ မိသားစုနှင့် ဝေးကွာခဲ့သည်။ ထိုစဉ်က ကိုထိန်လင်း(ခ) Kim Aris မှာ အသက် ၁၁ နှစ်အရွယ် ခန့်သာ ရှိသေးသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ကာ ဖမ်းဆီးထိန်းသိမ်းထားသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly