မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်အသတ်ခံရမှု သရက်ခြံ လုပ်သား ၁၂ ဦးကို စစ်ကောင်စီဖမ်းဆီး

By 008 (မဇ္ဈိမ)
19 June 2023
မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်အသတ်ခံရမှု သရက်ခြံ လုပ်သား ၁၂ ဦးကို စစ်ကောင်စီဖမ်းဆီး
ဓာတ်ပုံ - ဒေါက်တာတင်ချိုချိုကို၏ ဆေးခန်း

မန္တလေးတိုင်း၊ မြစ်ငယ်မြို့ရှိ မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်ကြီး အသတ်ခံရမှုနှင့်ပတ်သက်သည်ဆိုကာ စဥ့်ကိုင်မြို့နယ်မှ သရက်ခြံ လုပ်သား ၁၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။

မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်ကြီး ဒေါက်တာတင်ချိုချိုကိုသည် စဥ့်ကိုင်မြို့နယ်၊ပလိပ်မြို့ရှိ ၎င်း၏ ဆေးခန်း၌ ပြီးခဲ့သည့် မေ ၁၅ရက်ညနေတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ စဥ့်ကိုင်မြို့နယ်မှ သရက်ခြံ လုပ်သားများဖြစ်သော ကိုဝေဖြိုးအောင်၊ကိုကျော်စွာဝင်း၊ကိုမင်းထွန်းဇော်အပါအဝင် အသက် ၁၈နှစ်မှ အသက်၂၅ နှစ်ဝန်းကျင်အရွယ်အမျိုးသား ၁၂ဦးကို ဇွန်လ ၁၇ရက်တွင်  စစ်ကောင်စီတပ်က  ဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။
" ဘယ်ဖမ်းသွားတယ်ဆိုတာ မသိဘူး။စစ်ကားသုံးစီးနဲ့လာဖမ်းသွားတယ်"ဟု  ဒေသခံတစ်ဦးက မဇ္စျိမကိုပြောသည်။

သရက်ခြံ နှစ်ခြံမှ စုစုပေါင်း လုပ်သား ၁၂ဦးဖမ်းဆီးခံရခြင်းဟု သိရသည်။ ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက စဥ့်ကိုင်မြို့နယ်ရဲစခန်းကို သွားရောက်မေးမြန်းရာ ရဲတပ်ဖွဲ့က ထိုဖြစ်စဥ်ရှိကြောင်းသာ  ပြန်လည်ဖြေကြားခဲ့သည်ဟုဆိုသည်။

" ဖမ်းသွားတယ်ပဲ သူ့အလုပ်ရှင်ကပြောလို့ သိရတာ။ဘာမှ အဆက်အသွယ်မရသေးဘူး။ခြံရှင်အနေနဲ့က အမှန်ကို ပြောဖို့လိုတယ်"ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိခင်ကပြောသည်။

ဒေါက်တာတင်ချိုချိုက်ို အသတ်ခံရမှုသည် ယခုဖမ်းဆီးခံထားရသော လူငယ်၁၂ဦးနှင့် မသက်ဆိုင်ကြောင်း သရက်ခြံပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက မှတ်ချက်ပြုသည်။

၎င်းက "အခုကိစ္စက ကလေးတွေ ဘာမှမလုပ်ဘူးဆိုပေမယ့် ကျွန်တော်တို့ အနေနဲ့ ဘာမှ မပြောရဲဘူး။ဒါကိုတော့ နာလည်ပေးကြပါ။သူတို့အတွက် လုပ်သင့်တာတွေ လုပ်ပေးမှာပါ "ဟု ပြောသည်။

မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်ကြီး ဒေါက်တာတင်ချိုချိုက်ိုသည် စစ်ကောင်စီအုပ်စုနှင့် ပုဂ္ဂိုလ်ရေးရင်းနီးပြီး CDM ကျန်းမာရေး ဝန်ထမ်းများကို ဖိနှိပ်သူဖြစ်ကြောင်း မြို့ခံအချို့ကပြောခဲ့ဖူးသည်။ 

ယခုအခါ စစ်ကောင်စီတပ်သည်  စဥ့်ကိုင်၊ပလိပ်၊ကျောက်ဆည်မြို့ အနီးပတ်ဝန်းကျင်ရှိ သရက်ခြံများကို ညစဥ်နီးပါးဝင်ရောက် စစ်ဆေးနေကြောင်းသိရသည်။
စာတည်း - မောင်ကြီး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required