အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံရမှု ၅၉ မှုရှိကြောင်း BWU ထုတ်ပြန် 

By Mizzima
19 June 2023
အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံရမှု ၅၉ မှုရှိကြောင်း BWU ထုတ်ပြန် 

စစ်တပ်အာဏာသိမ်းထားတဲ့ ကာလအတွင်းပဋိပက္ခဒေသ ငါးခုမှာ စစ်တပ်အပါအဝင်အခြားသော လက်နက်ကိုင်တပ်များမှ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကာမလိမ်လည်မှုပေါင်း ၅၉ မှုရှိကြောင်း  မြန်မာ့အမျိုးသမီးသမဂ္ဂက ဇွန်လ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ကရင်နီ(ကယား)၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်း အစရှိတဲ့ တိုင်းနဲ့ပြည်နယ် ငါးခုကို အခြေခံပြီး သတင်းမီဒီယာတွေက ဖော်ပြတဲ့သတင်းအချက်အလက်အပြင် ဒေသခံတွေနဲ့တွေ့ဆုံပြီး မှတ်တမ်းကောက်ယူထားတာပါ။

အဆိုပါ ဒေသ ငါးခုမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ယူရာမှာ  လိင်ပိုင်ဆိုင်းရာအကြမ်းဖက်မှု ၃၆ မှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုအပါဝင် ကာမလိမ် လည်မှု ၂၃ မှုရှိကြောင်း နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူအမျိုးသမီးများ ရင်ဆိုင်နေရတဲ့ လိင်အကြမ်းဖက်မှုများ သုံးသပ်ချက်စာတမ်း( မြန်မာအမျိုးသမီးသမဂ္ဂ) မှာဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ် မကြာခဏထိုးစစ်ဆင်သောဒေသတွေမှာ စစ်ကောင်စီတပ်သားတွေက မီးဖွားပြီးစ မိခင်တစ်ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးတို့ကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း အပါအဝင် ကလေးသူငယ်များမှ သက်ကြီးရွယ်အိုများအထိ လိင်ပိုင်ဆိုင်ရာကျူးလွန်နေကြောင်း အစီရင်ခံစာမှာ ပါရှိပါတယ်။

အဆိုပါအမှုတွေထဲမှာ စစ်တပ်မှ ကျူးလွန်တဲ့ အမှုတွေအပြင် အခြားလက်နက်ကိုင်အဖွဲ့များမှ ကျုးလွန်တဲ့ အမှုတွေနဲ့ အရပ်သားအချင်းချင်းကျူးလွန်သောအမှုများကိုလည်း ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly