မြန်မာ့နိုင်ငံရေးအခြေအနေ တိုးတက်မှုမရှိဘဲ ပိုမိုဆိုးရွားလာနိုင်ကြောင်း စင်္ကာပူနဲ့ အမေရိကန်ပြော

19 June 2023
မြန်မာ့နိုင်ငံရေးအခြေအနေ တိုးတက်မှုမရှိဘဲ ပိုမိုဆိုးရွားလာနိုင်ကြောင်း စင်္ကာပူနဲ့ အမေရိကန်ပြော

မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး တစ်စုံတစ်ရာ တိုးတက်လာမှုအရိပ်အယောင် မရှိဘဲ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ဝါရှင်တန်ဒီစီကိုရောက်နေတဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဇွန်လ ၁၆ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်းအပြင် နိုင်ငံတည်ငြိမ်မှုမရှိဘဲ စီးပွားရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေလည်း ယိုယွင်းနေကာ ဘုံသဘောတူညီချက် ၅ချက်နဲ့ပတ်သက်ပြီး တိုးတက်မှုမရှိဘူးလို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနဲ့ အရပ်သားပြည်သူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိပ်စက်တာတွေ ဆက်လက်ပြုကျင့်နေတာကို မိမိတို့ ဆန့်ကျင်ကြောင်း၊ နိုင်ငံတည်ငြိမ်မှုမရှိဘဲ စီးပွားရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေလည်း ဆုတ်ယုတ်ယိုယွင်းနေကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

အခုအချိန်မှာတော့ အာဆီယံအလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို လက်မခံတဲ့ အတိုက်အခံအဖွဲ့တွေ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းမျိုးစုံနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း စင်္ကပူနိုင်ငံခြားရေးဝန်ကြီးနဲ့ သဘောထားတူကြောင်းနဲ့ မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုကို ထောက်ခံအားပေး နေမှာဖြစ်ကြောင်းပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly