ကန်ပက်လက်မြို့ ရဲစခန်းကို ရှော့တိုက်ဒုံးများဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ပစ်ခတ်

By ပါခွီး (မဇ္ဈိမ)
18 June 2023
ကန်ပက်လက်မြို့ ရဲစခန်းကို ရှော့တိုက်ဒုံးများဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ပစ်ခတ်

ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့ရှိ မြို့မရဲစခန်းကို ရှော့ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ( CDF – Kanpetlet ) က ဇွန်လ ၁၇ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ ရဲအင်အား ၃၀ခန့် တပ်စွဲနေသည့် ရဲစခန်းကို ဇွန်လ ၁၆ ရက် နံနက် ၉နာရီ ၃၀မိနစ်မှ ၁၀ နာရီ ၃၀ မိနစ်အထိ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ရှော့ဒုံး ၁၀ လုံး ပစ်ခဲ့တယ် ။ သုံးလုံးက စခန်းထဲမှာ ကျရောက်ပေါက်ကွဲခဲ့တယ် ။

အထိအခိုက်သေဆုံးတာကိုတော့ အတိအကျမသိရသေးပါဘူး” ဟု CDF – Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်းက မဇ္စျိမကို ပြောသည်။

ရှော့တိုက်ဒုံးအချို့မှာ ပစ်မှတ်ကျော်ကာ တောတွင်းသို့ကျရောက်ခဲ့ပြီး သုံးလုံးမှာ စခန်းအတွင်းပေါက်ကွဲခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ပစ်ခတ်မှုကြောင့်စစ်ကောင်စီတပ်လက်မှ လက်နက်ကြီးဖြင့် ကန်ပက်လက်မြို့တွင်းသို့ ၁၀ကြိမ် ထက်မနည်းပစ်ခတ်ခဲ့ရာ ဘုရားကျောင်းတစ်ကျောင်း နှင့် သာသနာ အဆောက်အအုံတစ်ခု ထိခိုက်ခဲ့ကြောင်း ဆလိုင်းထွန်းလိန်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို CDF – Kanpetlet နှင့်အတူ ညောင်ဦးခရိုင်တပ်ရင်း(၂) ညောင်ရမ်းတပ်ရင်းဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှော့ဒုံးများကို ညောင်ဦးတပ်ရင်း၏ နည်းပညာကို အသုံးပြုပြီး CDF – Kanpetlet နှင့် ပူးပေါင်းတပ်ဖွဲ့က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး မြို့ပြစစ်ဆင်ရေးများတွင် အကျိုးရှိစေနိုင်ကြောင်း တပ်မဟာမှူးကပြောသည်။

ယခုတိုက်ခိုက်ခဲ့သည့် ရဲစခန်းတွင် ဌာနအကြီးပိုင်းများ ရုံးစိုက်ပြီးအလုပ်လုပ်ကိုင်လျက်ပြီး ဘေးပတ်လည်ရှိ ရန်အောင်စေတီကုန်း ၊ သစ်တောရုံး ၊ ဘုန်းကြီးကျောင်းစသည့် နေရာများတွင် စစ်ကောင်စီ၏ ကင်းစခန်းများရှိကြောင်း သိရသည်။

မေလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ အတွင်း မင်းတပ် - ကျောက်ထုလမ်းရှိ စစ်ကောင်စီတပ်များကို CDF – Kanpetlet နှင့်မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၁ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မေလ၂၅ရက်နေ့နှင့် ၂၈ရက်နေ့တွင် တပ်ချိန်းပြုလုပ်သည့် စစ်ကောင်စီတပ်သားများ၏ လမ်း အသွားနှင့် အပြန်တွင် မင်းတပ် - ကျောက်ထုလမ်း၌ CDF -Mindat ၊ CDF – Kanpetlet ၊ ဂန့်ဂေါခရိုင်တပ်ရင်း(၁၃) (The Youth Force) နှင့် ဂန့်ဂေါခရိုင် တပ်ရင်း(၈) တို့မှ ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးခဲ့ကြောင်းဆိုသည်။

ထို့အပြင် မေလ ၂၉ရက်နေ့တွင် နေ့လယ် ၂နာရီနှင့် ည၈နာရီတို့တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးပြီး မဟာမိတ်တပ်ဖွဲ့ဘက်မှ CDF – Mindat ရဲဘော်တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းသိရှိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#ရှော့တိုက်ဒုံး

#ချင်းကာကွယ်ရေးတပ်ဖွဲ့

#ကန်ပက်လက်မြို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly