"ကမ္ဘာမကြေဘူး" သီချင်းဖွင့်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

By ဂန္ဒမာ (မဇ္ဈိမ)
17 June 2023
"ကမ္ဘာမကြေဘူး" သီချင်းဖွင့်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်မြို့ရှိ ဈေးတစ်နေရာ၌ "ကမ္ဘာမကြေဘူး" သီချင်းဖွင့်ကာ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike) မှ ရဲဘော်များက ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

"မြို့ပြမှာ ပြည်သူများနှင့်အတူ တော်လှန်ရေးအင်းအားစုများအတူရှိနေပြီး စစ်အာဏာရှင်ကို ရရာနည်းမျိုးစုံနဲ့တော်လှန်နေကြောင်း ပြည်သူများကို သိစေချင်တယ်။ ပြည်သူများရဲ့ ရင်တွင်းခံစားချက်များဖြစ်တဲ့ “ ကမ္ဘာမကြေဘူး”သီချင်းကို လူထုဆီချပြရင်း ပြည်သူများတော်လှန်ရေးကို အာရုံစိုက်စေချင်တာပါ။ အကြမ်းဖက်စစ်တပ်ကိုလည်း ငါတို့ဘက်မှ ပြည်သူရှိတယ်ဆိုတာကို မီးမောင်းထိုးပြပြီး မင်းတို့တစ်နေ့ နိဂုံးချုပ်ရမယ်လို့ သတင်းစကား ပါးချင်တာပါ။" ဟူ၍ လှုပ်ရှားမှုပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဋ္ဌ က မဇ္ဈိမကို ဖြေကြားသည်။

ကမ္ဘာမကြေဘူး"သီချင်းအား ဈေးလမ်းတစ်လျှောက် Sound Box ဖြင့် ဖွင့်လှစ်ခဲ့ပြီး သီချင်းပြီးဆုံးသည်အထိ အဆိုပါနေရာတွင်နေကာ ပြည်သူများအား လှုံ့ဆော်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့လှုပ်ရှားမှုပြီးတော့ အဲ့ဒီနေရာမှာ ဘာမှ ပြဿနာဖြစ်တာမျိုး၊ အစစ်အဆေးလုပ်တာမျိုးတော့ မရှိဘူး။ လုပ်ခဲ့တဲ့ရဲဘော်တွေလည်း ဘေးကင်းကင်းနဲ့လုံလုံခြုံခြုံရှိနေပါတယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ အများပြည်သူ သွားလာနေတဲ့ဈေးမှာ လုပ်ခဲ့တာဆိုတော့ ပြည်သူတချို့ရဲ့ ထိတ်လန့်မှုတော့ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကျွန်တော်တို့ဦးတည်ချက်ဖြစ်တဲ့ ကမ္ဘာမကြေဘူးသီချင်းကို လူထုကြားထဲမှာ ပျံ့နှံ့စေပြီး လူထုကိုလှုံ့ဆော်တဲ့သဘောဆိုတော့ သီချင်းပြီးတဲ့အထိ အဆင်ပြေခဲ့ပါတယ်။"ဟု SC Strike မှ အိုမီက မဇ္ဈိမ ကို ပြောသည်။

စစ်တပ်၏ အာဏာသိမ်းမှုဟာ မအောင်မြင်သော အာဏာသိမ်းမှုသာဖြစ်ပြီး တော်လှန်ရေး နှစ်နှစ်ကျော်ကာလအတွင်း ပြည်တွင်းအင်အားစုများ၏တော်လှန်မှုကြောင့် စစ်ကောင်စီသည် နိုင်ငံတကာဆက်ဆံမှု ၊ သံတမန်ရေးရာ ၊ စစ်ရေး အစရှိသဖြင့်အဘက်ဘက်တွင် ရှုံးနိမ့်နေကာ မြို့ပြပြည်သူများသည်လည်း စစ်အာဏာရှင်ကို အမြစ်လှန်ဖို့စောင့်နေပြီဖြစ်ကြောင်း တော်လှန်ရေးအင်အားစုတစ်ခုမှ ရဲဘော်များက ဆိုသည်။

တော်လှန်ရေးကာလ နှစ်နှစ်ကျော်ကြာလာပြီးနောက် မြို့ပြတွင် လုထုသပိတ်များနည်းပါးသွားခြင်းမှာ လုံခြုံရေးအခြေအနေကို ဦးစားပေးနေရခြင်းကြောင့်ဖြစ်ပြီး သပိတ်တိုက်ပွဲများမှာလည်း တော်လှန်ရေးအရွေ့အပြောင်းအတိုင်း ဆင့်ကဲပြောင်းလဲမှုများဖြစ်ကာ လူထုသပိတ်၊ ပြောက်ကျားသပိတ်၊ အွန်လိုင်းကမ်ပိန်းသပိတ်၊ စတစ်ကာကပ်ခြင်း၊ ဘန်နာချိတ်ခြင်း စသည်ဖြင့် လုံခြုံလျှို့ဝှက်သည့် နည်းလမ်းများဖြင့် ရှေ့ဆက်တိုက်ပွဲဝင်လျက်ရှိကြောင်း မြေပြင်သပိတ်အဖွဲ့အစည်းများက မဇ္ဈိမကို ဖြေကြားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly