မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် အမှတ်(၂)ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက် ရဲတပ်သား ၃ ဦး သေဆုံးဟုဆို

By လွှမ်းမိုး (မဇ္ဈိမ)
17 June 2023
မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် အမှတ်(၂)ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက် ရဲတပ်သား ၃ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက်ရှိ အမှတ်(၂) ရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၁၆ ရက် နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်သားသုံးဦးသေဆုံးကြောင်း  MRDA စေတန် တပ်ခွဲထံမှ သိရသည်။

“ကျနော်တို့ ဝင်သွားတော့ ရဲတပ်သားတွေက သေနတ်ဘေးချပြီး ဖုန်းသုံးနေကြတယ်။ မျက်မြင်ကတော့ ရဲတပ်သားသုံးဦး နေရာတင် လဲကျ သေဆုံးသွားတာ တွေ့ခဲ့ရတယ်” ဟု စေတန်တပ်ခွဲ(MRDA) မှ တပ်ခွဲမှူးကိုဇေက ပြောသည်။

ထိုစခန်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များဖြင့် နေထိုင်လှုပ်ရှားနေခြင်းကြောင့် ဒေသခံများနှင့် မှားယွင်းမှု မဖြစ်စေရန် အချိန်  နှစ်ရက်ကြာ ကြိုတင် စုံစမ်းပြီးမှ စစ်ဆင်ရေးကို ဆောင်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း တပ်ခွဲမှူး ကိုဇေက မဇ္ဈိမကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို စေတန်တပ်ခွဲ (MRDA) ၊ ၅/UG အဖွဲ့ နှင့် Monywa Fire Group တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဂိတ် ၊ စခန်း များ အနီးသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံကြောင်း MRDA စေတန်တပ်ခွဲမှ တပ်ခွဲမှူးကိုဇေက မေတ္တာရပ်ခံထားသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly