အကျဉ်းကျခံ သမ္မတဦးဝင်းမြင့် တောင်ငူထောင်တွင်း ဆီးပိုက်တပ်ထားရ

By ရွှေနွယ် (မဇ္ဈိမ)
17 June 2023
အကျဉ်းကျခံ သမ္မတဦးဝင်းမြင့် တောင်ငူထောင်တွင်း ဆီးပိုက်တပ်ထားရ

တောင်ငူထောင်တွင်း ထိန်းသိမ်းအကျဉ်းကျခံနေရသော နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် လက်ရှိတွင် ကျန်းမာရေး မကောင်း၍ ၎င်းနေထိုင်ရာ ထောင်တွင်း၌ပင် ဆီးပိုက်တပ်ထားရကြောင်း တောင်ငူထောင်နှင့်နီးစပ်သည့် ယုံကြည်ရသော သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

“တောင်ငူထောင်တွင်းကိုပဲ ဒေါက်တာမျိုးလွင်ထင်တယ် ဆရာဝန်ရဲ့နာမည်က၊ လာလုပ်ပေးသွားတာပါ။ ဆီးပိုက်တပ်ရပါတယ်၊ ဘာရောဂါကြောင့်ဆိုတာတော့ မသိရပါဘူး၊ လက်ရှိ တောင်ငူထောင်မှာပါပဲ” ဟု တောင်ငူထောင် သတင်းရင်းမြစ်က ပြောသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့် ကျန်းမာရေးမကောင်း၍ ဆီးပိုက်တပ်ထားရသည်ဟု ကြားသိထားသော်လည်း တိတိကျကျကို မသိရှိရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အသိုင်းအဝိုင်းက မဇ္ဈိမကို ပြောသည်။

ယခုလို အကျဉ်းကျခံ နိုင်ငံတော်သမ္မတဦးဝင်းမြင့်  ထောင်တွင်း၌ ဆီးပိုက်တပ်ထားရခြင်းနှင့် ပတ်သက်၍ CDM ဆရာဝန်တစ်ဦးက မဇ္ဈိမကို ယခုလို ပြောသည်။

“ဆီးပိုက်တပ်ရတယ်ဆိုတာ တစ်ခုထဲကိုအခြေခံပြီး စိုးရိမ်ရတဲ့အခြေအနေဟုတ်လားဆိုတာ ပြောဖို့တော့ခက်ပါတယ်၊ ဆရာဝန်တွေ လူနာကို ဆီးပိုက်ထည့်ပြီး ကုသတဲ့အကြောင်းအရင်းက ခြုံပြီးပြောရရင် အကြမ်းဖျင်း နှစ်ချက်ရှိပါတယ်၊ ပထမတချက်က ဆီးအိမ်ကဆီးတွေ အကြောင်းအမျိုးမျိုးကြောင့် အပြင်ကိုရောက်အောင် ပေါက်လို့မရတော့တဲ့ အခြေအနေမျိုး၊ Aute Retension of urine လို့ခေါ်ပါတယ်၊ အဲအချိန်မှာ ဆီးပိုက်ထည့်လေ့ရှိပါတယ်၊ လူနာက သူ့ဘာသာသူ ဆီးမသွားနိုင် ဆီးမထွက်နိုင်တော့လို့ပါ၊ သူ့ကိုဖြစ်စေတဲ့အကြောင်းရင်း အများကြီးရှိပါတယ်။ သမ္မတကြီးလို အသက်အရွယ်မှာ အဖြစ်များတာတော့ ဆီးကျိတ်ပြဿနာအဖြစ်များပါတယ်၊ တခြားပြဿနာလည်း ဖြစ်နိုင်ပါတယ်။ ဒုတိယတစ်ချက်က ဆီးမထိန်းနိုင်ဘဲ ဆီးတွေပေါက်ပေါက်ချနေရင် ထည့်ဖြစ်ပါတယ်၊ ဥပမာ လေဖြတ်တာမျိုးတို့ သတိလစ်တာမျိုးတို့ အခြေအနေမှာပါ” ဟု CDM ဆရာဝန်တစ်ဦးက မဇ္ဈိမကို ပြောသည်။

အာဏာသိမ်း စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းမှုကို  ခံနေရသော နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် သဘာ၀ဘေး အန္တရာယ်စီမံခန့်ခွဲမှု၊ ပုဒ်မ ၅၀၅၊ NLD အစိုးရလက်ထက် ရဟတ်ယာဉ်ငှားရမ်းဝယ်ယူခဲ့သည်ဆိုသည့် အဂတိမှု အပါအဝင် အမှုပေါင်း ရှစ်မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်ချမှတ် ခံထားရသည်။

အသက် ၇၂ နှစ်အရွယ် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ ဖမ်းဆီးထားခြင်းဖြစ်ပြီး ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် နေပြည်တော်မှတစ်ဆင့် တောင်ငူအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

စစ်တပ်သည် အာဏာသိမ်းပြီးနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ပုဒ်မများစွာတပ်ကာ ထောင်သွင်းအကျဉ်းချထားသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly