မိုးဗြဲတွင် ၃ ရက်အတွင်း အရပ်သား ၂၆ ဦး သတ်ဖြတ်ခံရ

By ဂျူချန်း (မဇ္ဈိမ)
15 June 2023
မိုးဗြဲတွင် ၃ ရက်အတွင်း အရပ်သား ၂၆ ဦး သတ်ဖြတ်ခံရ
ဇွန် ၁၁ ရက်နေ့ တွင် လက်နက်ကြီး ထိမှန်ခဲ့သည့် နေအိမ် 6m

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် ဇွန်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ သုံးရက်အတွင်း အရပ်သား ၂၆ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း Free Burma Rangers အဖွဲ့က ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မိုးဗြဲမြို့၊ စေတီတော်အနီးဝန်းကျင်တွင် ဇွန်လ ၆ရက်နေ့မှ ၈ ရက်နေ့အတွင်း အရပ်သား ၁၄ ဦး ကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ခံရသူများအနက် တစ်ဦးသည် စေတီတော်ဝန်းအတွင်း လဲကျနေစဉ် ဦးခေါင်းအား ပစ်သတ်ခံရသည်ကို ဒရုန်းဗီဒီယိုဖိုင်မှတစ်ဆင့် မြင်တွေ့ရပြီး အခြားသေဆုံးသူ သုံးဦးသည် ဒူးထောက်လျက် ပစ်သတ်ခံခဲ့သည့် ပုံစံအနေအထားများဖြစ်ကြောင်း ဆိုသည်။ 

ထို့ပြင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့်  မိုးဗြဲမြို့အနီး၌ အခြားအရပ်သား ၁၂ဦး သေဆုံးခဲ့ရကာ ထိခိုက်ဒဏ်ရာရသူ ဦးရေ ၂၀ ရှိကြောင်း ဖော်ပြထားသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) အုပ်ချုပ်မှုဒါရိုက်တာ ကိုဗညားက စစ်ကောင်စီကြောင့် ထိခိုက်သေဆုံးမှုများသည် ပိုမိုများပြားလာနိုင်ပြီး ပျောက်ဆုံး(သို့မဟုတ်) သေဆုံးဟု သတ်မှတ်ထားသူများလည်း ရှိကြောင်း ပြောသည်။ 

“ စစ်ကောင်စီကြောင့်  အသက် သုံးနှစ်အရွယ် ကလေး သေဆုံးတာလည်းရှိတယ်။ ခု ကျနော်တို့ အလောင်းတွေ ပြန်မရခဲ့တာတွေ၊ ကျနော်တို့ လက်လှမ်းမမီတဲ့ ကူညီလို့ မရတော့တဲ့ ရပ်ကွက်ထဲကဟာတွေကျန်နေပါသေးတယ်။ တချို့လူတွေက ထွက်လို့မရအောင် ပိတ်ဆို့ထားခြင်း ခံရတာလည်းရှိတယ်” ဟု  ကိုဗညားက မဇ္ဈိမ ကိုပြောသည်။

မိုးဗြဲတွင် အရပ်သားများအား စစ်ကောင်စီက အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေခြင်းကို အပြင်းအထန် ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက  ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့တွင် ဖော်ပြထားသည်။ 

“တချို့ ပစ္စည်းပြန်ယူသူတောင် ခြောက်ပစ်ခံရ၊ အသတ်ခံရနဲ။ မနေ့ကလည်း နှစ်ယောက် ပစ်သတ်ခံရတယ်။ မနေ့မနက် ၈နာရီလောက် မိသားစုသုံးယောက် အိမ်က စက်ပြန်ယူတာ ခုထိပြန်မလာဘူး။ ခုနစ်လသားလေးချန်ထားခဲ့ပြီး အဆက်အသွယ်လည်းမရ။ သေလားရှင်လားမသိဘူး” ဟု မိုးဗြဲမြို့အပြင်ဘက်တွင် ရှောင်နေသည့် ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မိုးဗြဲမြို့ စည်ကားရပ်ကွက်၊ ပွဲကုန်းရပ်ကွက်၊ ဈေးကုန်း၊ ပေါ်ဦးရပ်ကွက်၊ ဒုန်းဒူထန်ရပ်ကွက်၊ စက်တော်ရာ စသည့် ရပ်ကွက်များတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်လျက်ရှိသောကြောင့် ဒေသခံများမှာ မြို့ပြင် လယ်ကွင်းများနှင့် အခြားလုံခြုံမည့်နေရာများတွင် သွားရောက်ခိုလှုံနေကြရပြီး မြို့တွင်းသို့ လိုအပ်သည့် ပစ္စည်းများ ဝင်ယူသည့်အခါတွင် အသတ်ခံရခြင်း နှင့် ပျောက်ဆုံးခြင်းများ ရှိကြောင်း ဒေသခံများထံက သိရသည်။

မိုးဗြဲမြို့တွင် မေလအကုန်ပိုင်းမှ စတင်ကာ တော်လှန်ရေး အင်အားစုနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက နေ့စဉ် လက်နက်ကြီး ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ လက်ရှိ မိုးဗြဲမြို့ခံ အများစုသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး မြို့ထဲတွင် ပိတ်မိနေသူအချို့လည်း ကျန်ရှိနေသေးကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly