အမည်အလွဲသုံးစားလုပ် ငွေညှစ်နေသူများကို အရေးယူမည်ဟု CDF- Hakha နှင့် ဟားခါးကောင်စီ ပြော

By ပါခွီး (မဇ္စျိမ)
13 June 2023
အမည်အလွဲသုံးစားလုပ် ငွေညှစ်နေသူများကို အရေးယူမည်ဟု CDF- Hakha နှင့် ဟားခါးကောင်စီ ပြော

ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်အတွင်း ၎င်းတို့၏အမည်ကို အလွဲသုံးစားပြုလုပ်ပြီး ငွေညှစ်နေသူ များကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့CDF – Hakha နှင့် ဟားခါးကောင်စီ (Hakha Council) တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

CDF – Hakha အမည်ကိုအလွဲသုံးစားလုပ်ကာ ငွေညှစ်နေသူများနှင့် CDF – Hakha Council ၏ ပြည်သူ့ အကျိုးပြု လုပ်ငန်းဆောင်ရွက်ချက်များကို ၎င်းတို့ လုပ်ကိုင်ဆောင်ရွက်သကဲ့သို့ ကြံဖန်အမြတ်ထုတ်သူ များကို အရေးယူရန်ဆောင်ရွက်နေကြောင်း ဆိုသည်။

“ကျနော်တို့နယ်မြေထဲမှာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ယန္တရားလည်ပတ်တာနဲ့ တင်ဒါလုပ်ငန်းတွေကို တားမြစ်ထားတယ်။ အဲဒါကို CDF ခေါင်းဆောင်တွေကို ငွေပေးထားတယ်ဆိုပြီးခိုးလုပ်နေကြတယ်။ အဲဒီ လူတွေဆီကိုလည်း ကျနော်တို့အဖွဲ့က မဟုတ်တဲ့သူတွေက ငွေတောင်းနေတာတွေရှိတယ်။ အဲဒါကြောင့် အရေးယူဖို့ အသိပေးရတာပါ” ဟု CDF – Hakha Council ဥက္ကဋ္ဌ Hran Lian က မဇ္စျိမကို ပြောသည်။

ပြည်သူများအနေဖြင့် ယုံကြည်မိ၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ အလိမ်ခံခဲ့ရသူများအားလုံးကို အနူး အညွတ်တောင်းပန်ကြောင်းလည်း CDF- Hakha နှင့် ဟားခါးကောင်စီက ဇွန်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်အတွင်း စစ်ကောင်စီနှင့်ပတ်သက်သော တင်ဒါလုပ်ငန်းများကို ချင်းလဲန်း ပူးပေါင်းကာကွယ် ရေးကော်မတီ(CJDC)မှ တားမြစ်ပိတ်ပင်ထားပြီး ဟားခါးမြို့နယ်အတွင်း၌လည်း တင်ဒါလုပ်ငန်းသာမက စစ်ကောင်စီယန္တရားလည်ပတ်မှုအားလုံးကို ပိတ်ပင်ထားကြောင်း ဆိုသည်။

ယနေ့အထိ ပြည်သူများထံမှ တရားဝင်ပြေစာနှင့်တကွ အလှူခံခြင်းမှတပါး အခွန်အခများ ကောက်ခံခြင်း လုံးဝမရှိကြောင်းနှင့် အလှူပေးသည့်ပြေစာကိုလည်း အင်တာနက်မှတဆင့်ဆက်သွယ်ပြီး မှန်ကန် ကြောင်း အတည်ပြုနိုင်သည် ဟု CDF – Hakah Council ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလွဲသုံးစားလုပ်သူများသည် တင်ဒါလုပ်ငန်းများတွင်သာမက ပြည်သူများထံမှလည်း အဓမ္မ ငွေတောင်းခံ အလှူခံမှုများပြုလုပ်နေကြောင်း ဆိုသည်။

“ကျနော်တို့မှာ ဥပဒေနဲ့ တရားရေးဌာနတွေရှိတယ်ဦ သူတို့ကိုအရင်ဖမ်းပြီးမှ ကျူးလွန်တဲ့ပြစ်မှုနဲ့အညီ ထိုက်တန်တဲ့ အပြစ်တွေပေးသွားမှာပါ” ဟု ကောင်စီ ဥက္ကဋ္ဌက ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့၊ ကောင်စီနှင့်သက်ဆိုင်သောလုပ်ငန်းများကို အလွဲသုံးစားပြုလုပ်သူများကို အရေးယူ မည့်ကိစ္စတွင် ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ပေးကြရန် CDF – Hakha နှင့် ဟားခါးကောင်စီ တို့က တိုက်တွန်းထားသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly