ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လက်ပံခုံကျေးရွာတွင် စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုသူ ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ပျူစောထီးအဖွဲ့ဝင် ဦးတင်အောင်လေးဆိုသူအား ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)ကပစ်ခတ်ခဲ့၍ နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဟု ဆိုသည်။
“သူက ပြီးခဲ့တဲ့ရက်အတွင်း စစ်တပ်စစ်ကြောင်းထိုးတော့ လက်ပံခုံရွာသူရွာသားတွေကို တနေကုန်နေပူထဲ နေလှန်းထားဖို့ ဖန်တီးသူ။ ပြီးတော့ ရွာက ရွာခံတွေရဲ့အိမ်တွေကို တော်လှန်ရေးအင်အားစုတွေရဲ့အိမ်ဆို ပြီးလမ်းပြသူပါ” ဟု PPDF တာဝန်ရှိသူက ပြောသည်။
ဇွန်လပထမပတ်တွင် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် လက်ပံခုံရွာတွင် နှစ်ရက်တာ တပ်စွဲနေထိုင်သွားပြီး ကျေးရွာနေပြည်သူ ၇၀ ကျော်ကို ဇွန်လ ၂ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီကျော် အထိ အစာမကျွေးဘဲ ကွင်းပြင်တွင် နေလှန်းဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။
အထက်ပါကိစ္စရပ်များနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ အတည်ပြုချက်ရယူနိုင်ခြင်းမရှိ သေးပေ။
“လက်ရှိမှာလည်း စစ်ကြောင်းထိုးနေဆဲပဲ။ ပေါင်းတည်ဘက်မှာက သူတို့ပျူတွေကို လက်နက်ပေးကိုင် မထားဘူး။ လက်နက်ပါဆုံးရှုံးမှာစိုးလို့”ဟု PPDF တာဝန်ရှိသူက ဆိုသည်။
လက်ရှိတွင်လည်း ပေါင်းတည်မြို့နယ်အတွင်း စစ်ဆိုင်နေဆဲဖြစ်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှသိရသည်။
ပဲခူးတိုင်းအနောက်ခြမ်းတွင် အုတ်ဖိုနှင့် နတ်တလင်းမြို့နယ်တို့၌လည်း လက်ရှိတွင် စစ်ရေးတင်းမာနေ ပြီး တိုက်ပွဲများလည်းဖြစ်ပွားနေကြောင်း ပဲခူးတိုင်းအနောက်ခြမ်း PDF တပ်ရင်းတပ်ဖွဲ့ဝင်တဦးကဆို သည်။
“သတင်းပေးတွေကြောင့် ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ အဖမ်းခံရတာတွေရှိခဲ့တယ်။ ဒီသတင်းပေးတွေ၊ ပျူ တွေက ရိုးမပေါ်က ကျွန်တော်တို့စခန်းတည်နေရာတွေကိုလည်း ထောက်လှမ်းတာရှိတယ်။ သတင်းပေး တွေကြောင့် ကျွန်တော်တို့ လုံခြုံရေးအန္တရာယ်လည်းရှိသလို အပြစ်မဲ့ပြည်သူတွေ ဖမ်းဆီးခံရတာတွေ၊ အနိုင်ကျင့်ခံရတာတွေရှိပါတယ်” ဟု ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီ၏ ထောက်တိုင်များ၊ စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နေပြီဖြစ် ကြောင်းလည်း ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေးစကားဆိုသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ