တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာအတွင်း စစ်ကောင်စီ တပ်ဖွဲ့မှလာရောက်တပ်စွဲထားသည့်အတွက် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
ဇွန်လ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်တပ်စွဲထား၍ ထောင်နှင့်ချီသည့် ရွာခံများ တိမ်းရှောင်နေရသည်ဟု ဒေသခံက ပြောသည်။
“ရွာခံတွေက မနေရဲတော့ ရေလမ်းကနေ လှေငယ်လေးတွေနဲ့ တခြားရွာတွေကို ထွက်ပြေးကြတာရှိပါ တယ်။ လက်ရှိက မိုးတွေရွာနေတော့ ဒေသခံတွေက မိုးထဲလေထဲမှာပဲ ပြေးနေကြရတာ”ဟု ၎င်းက ပြောသည်။
ကနက်သီရိကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာစဉ် ကမြိုင်ရွာနှင့် ရငဲရွာအကြားတွင် PDF ပူးပေါင်းတပ်ဖွဲ့၏ ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံခဲ့ရသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးမှုရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က ကနက်သီရိရွာတွင် ဒေသခံများအား ဖမ်းဆီးပစ်ခတ်မှုများ ပြုလုပ်နေ သည်ဟုလည်း သိရသည်။
“အခု လက်ရှိ အခြေအနေကတော့ ကျေးရွာအုပ်စုထဲက ရွာသား ၁၀၀ နီးပါးလောက် ဖမ်းခံရပြီး အမျိုးသမီး တွေနဲ့ ကလေးငယ်တွေကိုတော့ ပြန်လွှတ်ပေးလိုက်တာရှိတယ်”ဟု ကနက်သီရိရွာခံတဦးက ပြောသည်။
လက်ရှိတွင် ဒေသခံ ၅၀ ဦး ထက်မနည်း ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၁၀ ရက်နေ့ကလည်း အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် ကနက်သီရိကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများအား ဖမ်းဆီးခြင်း ၊ သေနတ်ဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ် နေခြင်းကြောင့် ထွက်ပြေးကြသည့်ဒေသခံများထဲမှ သုံးဦးပစ်ခတ်ခံရကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်တပ်စွဲထားသော ကနက်သီရိကျေးရွာအပြင်ဘက်လမ်းမတွင် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့များရှိနေပြီး ၎င်းတို့ရွာအတွင်း ဝင်ရောက်လာမည်စိုးသောကြောင့် စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၁၀ ရက် နေ့လယ်ပိုင်းတွင် ကနက်သီရီရွာအား အဝင်အထွက်ပိတ်လိုက်သဖြင့် ထွက်မပြေးနိုင်သည့် ရွာသူရွာသား အချို့မှာလည်း ပိတ်မိနေကြောင်း ရွာခံများ၏ ပြောဆိုချက်အရ သိရသည်။
“အခု စစ်သင်္ဘောနဲ့ရွာပြင်က ပင်လယ်ပြင်မှာဆိုက်ကပ်ပြီး လက်နက်ကြီးနဲ့ ပစ်ပြီး စစ်ကူတွေ ထပ်ရောက် နေတာ ရှိနေလို့ ရွာခံအတော်များများ မနေရဲလို့ အများစုထွက်ပြေးနေရတယ်”ဟု စစ်ရှောင် အမျိုးသမီး တဦးက ပြောသည်။
ဒေသခံအများစုသည် ထွက်ပြေးတိမ်းရှောင်နေကြပြီး ရွာအတွင်း၌ သက်ကြီးရွယ်အိုများနှင့် ကလေးငယ် များ ကျန်ရှိနေသေးသည်ဟု စစ်ဘေးရှောင်များထံမှ သိရသည်။
သိမ်ကုန်း၊ ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ ကျွဲမင်းကုန်း၊ ကနက်သီရိကျေးရွာများမှ ဒေသခံများစစ်ဘေးရှောင်နေရခြင်း ဖြစ်ပြီး အများစုသည် နီးစပ်ရာ မြို့၊ ရွာများသို့ ရွှေ့ပြောင်းနေကြရကြောင်းလည်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ