ကျောက်ကြီးမြို့နယ် ထွေအုပ်ရုံး ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲခံရပြီး ဦးစီးမှူး သေဆုံး

By YT (မဇ္ဈိမ)
10 June 2023
ကျောက်ကြီးမြို့နယ် ထွေအုပ်ရုံး ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲခံရပြီး ဦးစီးမှူး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူးရုံးအား ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ချိန်ကိုက်ဗုံးဆင် ဖောက်ခွဲခဲ့ကြောင်း တပ်မဟာ (၃) KNLA သတင်းအရင်းအမြစ်တစ်ဦးထံက သိရသည်။

"ချိန်ကိုက်ဗုံးထောင် ဖောက်ခွဲခဲ့ခြင်း ဖြစ်ပါတယ်။ ဦးစီးမှူးသေပြီး လေးဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။ အခြားပစ်ခတ်တာမျိုးတော့ မရှိပါဘူး" ဟု တပ်မဟာ (၃) KNLA သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ ဇွန်လ ၉ ရက်နေ့၊ နံနက် ၁၀ နာရီခန့်တွင် ကျောက်ကြီးမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူးရုံး၌ ထောင်ထားသော ချိန်ကိုက်ဗုံးအား ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ထိုဗုံးပေါက်ကွဲမှုကြောင့် ကျောက်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး သေဆုံးခဲ့၍ ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဗုံးဖောက်ခွဲချိန်တွင် ကျောက်ကြီးမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်ရှိ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ အစည်းအဝေး ပြုလုပ်နေချိန်ဖြစ်သဖြင့် ထိခိုက်ဒဏ်ရာရသူများခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများအား ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

" ထွေအုပ်ထဲမှာ အစည်းအဝေးရှိနေတာ။ ဆိုင်ကယ်တွေလည်း အများကြီးပဲ ရုံးရှေ့မှာ။ အဲ့ဒီအချိန်မှာ ပေါက်ကွဲသံကြားရတာ။ ရာထူးအကြီးပိုင်းထဲက တစ်ဦးသေတယ် ပွဲချင်းပြီးပဲ။ ဒဏ်ရာရတဲ့ထဲမှာ ရဲလည်းပါတယ်" ဟု ဆိုသည်။

အဆိုပါ ဖောက်ခွဲခံရမှုအပြီးတွင် စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် နီးစပ်ရာများသို့ ပစ်ခတ်မှုရှိခဲ့သော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၈ ရက်နေ့၊ နံနက် ၁၀ နာရီကျော် ဝန်းကျင်အချိန်က ကျောက်ကြီးမြို့မရဲစခန်းအား တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချကာ တိုက်ခိုက်ခဲ့ခြင်းရှိကြောင်း သိရသည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် ရဲဝန်းထမ်းလိုင်းခန်းအိမ်များအနက် တစ်လုံးအနီး ကျရောက်ပေါက်ကွဲခဲ့၍ ရဲမိသားစုဝင် တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းရဲစခန်း၊ ဘုံသဘောတံတားအနီးရှိ စစ်ကောင်စီတပ်စခန်း၊ ရေတွင်းကုန်းလမ်းဆုံရှိ စစ်ကောင်စီတပ်သားများ၊ ရေတွင်းကုန်းကြီးကျေးရွာအတွင်း အထိုင်ချနေသော စစ်ကောင်စီတပ်သားများအား တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး ရဲနှင့်စစ်သား ၄၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly