တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင် မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တိတ်တဆိတ်တွေ့ဆုံ

တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင် မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တိတ်တဆိတ်တွေ့ဆုံ
ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး  မစ္စတာချန် ဟိုင်ကို တွေ့ရစဉ် (တရုတ်သံရုံး)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့်အဖွဲ့သည် စစ်ကောင်စီခန့် ကချင်ပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်  မြစ်ကြီးနားမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တိတ်တဆိတ်တွေ့ဆုံနေကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် တရုတ်သံအမတ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့သို့ အထူးလေယာဥ်ဖြင့်ရောက်ရှိလာပြီးနောက် ထိုသို့တွေ့ဆုံနေခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် အဆင့်မြင့်အရာရှိတစ်ဦးက  မဇ္ဈိမကို အတည်ပြုသည်။

" လောလောဆယ်တော့ တရုတ်သံအမတ်အဖွဲ့ ရောက်တယ်ဆိုတာလောက်ပဲ ပြောပြလို့ရဦးမယ်ဗျ။ နေ့ချင်းပြန်လို့တော့ သိထားတယ်။ ကျနော်တို့လည်း ဘာအကြောင်းဆိုတာတော့ ဂဃနဏ မသိရသေးလို့ပါ" ဟု အဆိုပါ ပြည်နယ်အစိုးရအဖွဲ့ဝင် အဆင့်မြင့်အရာရှိက ဆိုသည်။

တွေ့ဆုံပွဲတွင် ဆွေးနွေးသည့် အသေးစိတ်အကြောင်းအရာကို မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က ထပ်မံစုံစမ်းနေဆဲဖြစ်သည်။

တရုတ်သံအမတ်နှင့်အဖွဲ့ကို  ပြီးခဲ့သည့် ဇွန်လ ၈  ရက်နေ့က  နေပြည်တော်ရှိ MGallery ဟိုတယ်တွင်  စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက လက်ခံတွေ့ဆုံခဲ့ပါသေးသည်။

ထို တွေ့ဆုံပွဲတွင် မြန်မာ - တရုတ် နှစ်နိုင်ငံအကြားရှိ ရှိရင်းစွဲ ဆွေမျိုး - ပေါက်ဖော် ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများ ပို မိုတိုးတက်ခိုင်မာရေးအပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လျင်မြန်စွာချောမွေ့စေရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှု မြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင် ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုနေပြည်တော်တွေ့ဆုံဆွေးနွေးမှုအပြီး တရုတ်သံအမတ်နှင့်အဖွဲ့က မြစ်ကြီးနားမြို့သို့  ယနေ့မနက်တွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ​ကချင်ပြည်နယ်တွင်  တရုတ်နိုင်ငံက အဓိကရင်းနှီးမြုပ်နှံထားသည့် နယ်စပ်ကုန်သွယ်ရေးနှင့် ပြည်နယ်အတွင်းလျှပ်စစ်ဖြန့်ချီရေးကိစ္စရပ်တို့တွင် တရုတ်နိုင်ငံဘက်က စီမံကိန်း အသက်ဝင်လာစေရန် ကြိုးစားလျက်ရှိကြောင်း  ကချင်ပြည်နယ် အရာရှိတစ်ဦးထံမှ စုံစမ်းသိရသည်။ 

ပြီးခဲ့သည့် မေလကလည်း တရုတ်နိုင်ငံ ပေါင်းဆန်ပြည်နယ်ခွဲ၏  အထူးကိုယ်စားလှယ်အဖွဲ့က  ပူးပေါင်းရင်းနှီးမြုပ်နှံမှုများအတွက်  တရားဝင်လာရောက်ကာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

ထို့သို့ တရုတ်အထူး ကိုယ်စားလှယ်အဖွဲ့များ ချင်းပြည်နယ်သို့ လာရောက်မှုများကြောင့် ကချင်ပြည်သူလူထုက ဧရာဝတီမြစ်အပေါ်တည်ဆောက်မည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြီး ပြန်လည် ဆောင်ရွက်လာမည်ကို စိုးရိမ်လျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly