အထင်ကရပုဂ္ဂိုလ်အား နိုင်ငံရေးမလုပ်ရန် ကြားဝင်ပြောဆိုခြင်းသည် သဘာဝမကျ ယုတ္တိမတန်ဟု NLD ပြော

By ရွှေနွယ် (မဇ္ဈိမ)
10 June 2023
အထင်ကရပုဂ္ဂိုလ်အား နိုင်ငံရေးမလုပ်ရန် ကြားဝင်ပြောဆိုခြင်းသည် သဘာဝမကျ ယုတ္တိမတန်ဟု NLD ပြော

သန်လျင်သဘာ၀တရားရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရသည် မြန်မာ့နိုင်ငံရေး၏ အထင်ကရပုဂ္ဂိုလ်အား နိုင်ငံရေးမလုပ်ရန် ကြားဝင်ပြောဆိုခြင်းသည် သဘာဝမကျ ယုတ္တိမတန်သော ကိစ္စရပ်သာ ဖြစ်သည်ဟု NLD ပါတီ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်က မဇ္ဈိမကို ပြောသည်။

သန်လျင်သဘာ၀တရားရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ နာယက ဦးတင်ဦးအား ဇွန်လ ၈ ရက် နေ့လယ် ၂ နာရီခန့်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ရွှေတောင်ကြားရပ်ကွက် ၊ ဗောဓိရိပ်သာလမ်းနေအိမ်၌ သွားရောက်တွေ့ဆုံ၍ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးမှစွန့်လွှတ်၍ လက်ရှိမြန်မာနိုင်ငံအတွင်း ပဋိပက္ခများ ငြိမ်းချမ်းရန် ငြိမ်းချမ်းရေးတွင် ဦးဆောင်သင့်ကြောင်း ပြောဆိုခဲ့ခြင်းအပေါ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"တိုင်းပြည်ကာကွယ်ရေးကို လုပ်ဆောင်ရမယ့် စစ်တပ်က ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ နိုင်ငံရေးထဲမှာ ဝင်ပါချင်နေတာကိုတော့ သွားမပြောရဲဘဲ၊ သွားမတားဘဲ စကားမပြောနိုင်တဲ့ လေဖြတ်နေတဲ့ အဘဦးတင်ဦးဆီကိုလာပြီး အဓိပတိနိုင်ငံရေးသမားကို နိုင်ငံရေးမလုပ်ဖို့ ဘာသာရေးဆရာတော်တစ်ပါးက လာပြောနေတာဟာ တော်တော်ကို သဘာဝမကျ၊ ယုတ္တိမတန်ဘူးလို့ပဲ ကျွန်တော့်အနေနဲ့ ရှုမြင်ပါတယ်” ဟု ဦးထွန်းမြင့်က ပြောသည်။

မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ဝင်ရောက် စွက်ဖက်နေသည့်အတွက် ၁၉၆၂ ခုနှစ်မှ စတင်ကာ မြန်မာပြည်တွင် ပြဿနာများစွာ ဖြစ်ပွားနေရခြင်းဖြစ်ပြီး တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုလည်း များစွာနှောင့်နှေးရကြောင်း ဦးထွန်းမြင့်က ပြောသည်။

စစ်တပ်သည် စစ်တပ်အလုပ်ကို လုပ်ရမည်သာဖြစ်ပြီး နိုင်ငံရေးသမားသည်လည်း နိုင်ငံရေးအလုပ်ကို လုပ်ဆောင်မည်ဖြစ်ကာ စစ်တပ်အနေဖြင့် နိုင်ငံရေးလုပ်ချင်သည့်အတွက် ယခုကဲ့သို့ ဘာသာရေးသမား ဆရာတော်တစ်ပါးမှ ဝင်ရောက်ပြောဆိုနေခြင်းသည် မြင်းကမလှုပ် ခုံကလှုပ် နေခြင်းသာဖြစ်သည်ဟု ဆိုသည်။

သဘာ၀တရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရသည် NLD ၏ နာယက ဦးတင်ဦးအား သွားရောက်တွေ့ဆုံစဉ်က “ သူ (ဒေါ်အောင်ဆန်းစုကြည်) သာပါလာမယ်ဆိုရင် တိုင်းပြည်အခြေအနေနဲ့ တပ်မတော်က ပြောင်းသွားနိုင်တာပေါ့၊ သူကသာ ငြိမ်းချမ်းရေးဆိုရင် တပ်မတော်အနေနဲ့လည်း ပြောင်းပြီး ပိုပြီးတော့ အချင်းချင်းအဆင်ပြေသွားမယ်လို့ ယူဆတာပေါ့လေ။ သူကနိုင်ငံရေးလုပ်တာကို မစွန့်တဲ့အခါကျတော့ တစ်ဖက်မှာ တပ်မတော်ကလည်း တင်းမာနေတာပေါ့ တပ်မတော်ကလည်း မလုပ်စေချင်ဘူး” ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူလူထု အကျိုးအတွက် မငြိမ်းချမ်းတာတွေကို ငြိမ်းချမ်းသွားစေဖို့ ငြိမ်းချမ်းရေးကိုလုပ်ဆောင်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်သာ ဖြူမယ်ဟု ဆိုလျှင် လိုက်ဖြူမည့်သူ များသောကြောင့် ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့၍လည်း ရှင်းပြချင်သည်ဟု ဆိုသည်။

သဘာ၀တရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရ၏ ထိုကဲ့သို့ပြောဆိုမှုများသည် စစ်ကောင်စီဘက်မှရပ်တည်ပြောဆိုနေခြင်းများသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သာ နိုင်ငံရေးတွင် မပါတော့ဘူးဆိုလျှင် စစ်ကောင်စီက လွှတ်ပေးမည်ဆိုသည့် အာဘော်ကိုဖန်တီးနေခြင်းသာဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။

"ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်အထင်တော့ သေသည်အထိ မြန်မာပြည်ရဲ့နိုင်ငံရေးနဲ့အတူ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဆက်လက်ရပ်တည်နေမှာပါ။ သေသည်အထိ နိုင်ငံရေးကိုစွန့်လွှတ်မှာ မဟုတ်ပါဘူး။ ဒါကို နိုင်ငံရေးကနေ စွန့်လွှတ်ရမယ်လို့ ပြောနေတာဟာ စစ်ကောင်စီအလိုကျ ပြောပေးနေတာပါ။ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ဘဲ ကျွန်တော်တော့ ယူဆပါတယ်" ဟု ဦးသန်းစိုးနိုင်က ပြောသည်။

သဘာဝတရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရသည် ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၂၁ရက်က ရန်ကုန်မြို့ ၊ သိမ်ဖြူလမ်း ၊ ဒေဝသာဂရ ရဟန္တာ သိမ်ဖြူတော်တွင် ရဟန်းဘဝခံယူခဲ့ခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ် တွင် ၄၅ လမ်း သဘာဝတရားရိပ်သာ၊၂၀၀၈ ခုနှစ်တွင် ဘုရားကုန်း သန်လျင် သဘာဝတရား ရိပ်သာ တို့ကို တည်ထောင်ခဲ့သည်။

သဘာဝတရားရိပ်သာ ဆရာတော်သည် ရဟန်းဘဝ မခံယူခင် လူဝတ်ဘဝကပင် ၎င်းသည် ရဟန္တာဖြစ်ပြီဟု ဆိုခြင်းနှင့်အတူ ၎င်း၏ပြောဆို ဟောပြောမှုများသည် အဓမ္မဖြစ်သည်ဟု ဆုံးဖြတ်ကြသည့်အတွက် သက်သေခံ အထောက်အထားများဖြင့် တရားရုံးတင်ခဲ့ဖူးသော်လည်း သာသနာရေးမှ ဗိုလ်မှူးများ၏ အကူအညီဖြင့် အမှုကိုပိတ်သိမ်းခဲ့ဖူးကြောင်း ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က နွေဦးအသံနှင့် တွေ့ဆုံမေးမြန်းစဉ်တွင် မိန့်ကြားထားသည်။

ထို့အပြင် သံဃာ့နာယကမှ အရေးယူရန် ကြိုးပမ်းမှုများကိုလည်း သဘာဝတရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရက ငွေဖြင့် ပိတ်ပင်ခဲ့ဖူးသည်များလည်းရှိကြောင်း ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က ဆိုသည်။

သဘာဝတရားရိပ်သာ ဆရာတော်သည် ဝါတော် ၂၀ ကျော်ပြီဖြစ်သော်လည်း ဒေသနာကို ကြည့်၍သာ ကြားနာတတ်ကြောင်းနှင့် ဥပုသ်ပြုဖူးသည်မှာ အကြိမ် ၂၀ မရှိကြောင်း ၎င်းကိုယ်တိုင် မိန့်ကြားခဲ့ဖူးသည်။

သန်လျင်သဘာ၀တရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရသည် ထိုကဲ့သို့ ဦးတင်ဦးအား သွားရောက်တွေ့ဆုံပြီး နောက်တစ်နေ့ ဇွန်လ ၉ ရက်တွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC)မှ ဒုတိယဗိုလ်ချုပ်ကြိီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိိုလ်ချုပ်ကြီး မင်းနိုင်တို့နှင့် တွေ့ဆုံခဲ့သည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။      ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly