ကာကွယ်ရေးစခန်းဝင်ရောက်ဖျက်ဆီးခဲ့သည့် အမြောက်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

By ပါခွီး (မဇ္စျိမ)
09 June 2023
ကာကွယ်ရေးစခန်းဝင်ရောက်ဖျက်ဆီးခဲ့သည့် အမြောက်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းတစ်ခုကို  ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့သည့် စစ်ကောင်စီအမြောက် တပ်ကို ကာကွယ်ရေးတပ် မဟာမိတ်များပူးပေါင်း၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Black Dragon Force က ဇွန်လ ၉ရက် ယနေ့တွင် ထုတ်ပြန်သည်။

မုံရွာမြို့နယ် ကျောက်စစ်ပုံကျေးရွာအနီးရှိ စစ်ကောင်စီ အမြောက်တပ် အမှတ်(၅၀၈) မှ ဇွန်လ ၇ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် ရေကန်စုကျေးရွာသို့ ဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ပြီး တပ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ကြောင်း ဆိုသည်။

“ကျနော်တို့ရဲဘော်တွေနဲ့ ပြည်သူတွေကိုသတ်ပြီး စခန်းကိုဖျက်ဆီးခဲ့တဲ့ အမြောက်တပ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ ပစ်ခတ်ခဲ့တာပါ” ဟု Black Dragon Force တာဝန်ရှိသူ က မဇ္စျိမကို ပြောသည်။

အဆိုပါ အမြောက်တပ်ကို အဖွဲ့ လေးဖွဲ့ခွဲကာ ၁၀၀ မမ ၃၅ လုံး ၊ ၈၀ မမ ၁၅ လုံး ၊ ၆၀မမ ငါးလုံးကို ဇွန်လ ၇ရက် ည ၇နာရီဝန်းကျင်တွင် တစ်နာရီခန့်အကြာ ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်အတွင်း ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း ဖရဲသီး (တပ်တွင်းသတင်းပေး) ထံမှ သိရှိရပြီး သေဆုံးဒဏ်ရာရသည့် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်မှ ရမ်းသန်း၍ ပြန်လည်ပစ်ခတ်သော်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း အမှတ်(၂၇) Black Dragon Forceနှင့် အတူ မုံရွာခရိုင်တပ်ရင်းအမှတ်(၁၂) တပ်ခွဲ (၃) တပ်ခွဲ (၄) ၊ စဉ့်ကိုင်မြို့နယ် ပကဖ အဖွဲ့ ၊ LPDF Sagaing ၊ ရန်ရှင်းဒေသကာကွယ်ရေးအဖွဲ့ ၊ အညာမြေတိုက်နယ် တပ်ပေါင်းစုတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၇ရက်နေ့က စစ်ကောင်စီအမြောက်တပ်သားများက ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးနှင့် ဒေသခံနှစ်ဦး စုစုပေါင်း ခြောက်ဦးကို သတ်ဖြတ်မီးရှို့ခဲ့ပြီး စခန်းကို ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly