မြင်းခြံမြို့ နီနီလွင်ရွှေဆိုင် ဓားပြတိုက်ရန်ကြိုးစားသူများက ဆိုင်ပိုင်ရှင်ကို ပစ်သတ်

By 007 (မဇ္ဈိမ)
09 June 2023
မြင်းခြံမြို့ နီနီလွင်ရွှေဆိုင် ဓားပြတိုက်ရန်ကြိုးစားသူများက ဆိုင်ပိုင်ရှင်ကို ပစ်သတ်
Photo - MDY Image

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ် ၊ အမှတ်(၇)ရပ်ကွက် ၊ စည်ပင်သာယာဈေး မြောက်ဘက်ရှိ နီနီလွင်ရွှေဆိုင်တွင် ယမန်နေ့ဇွန် ၈ ရက် နေ့လယ်ပိုင်း၌ ဓားပြတိုက်ရန်ကြိုးစားသူများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဆိုင်ပိုင်ရှင်ဆိုသူ သေဆုံးသွားကြောင်း သိရသည်။

"ဆိုင်ရှေ့ ဓားပြတွေရောက်လာတော့၊ ဆိုင်ရှင်နဲဲ့၀န်ထမ်းတွေက ဆိုင်တံခါးထပိတ်ကြတယ်၊ ဓားပြတွေကသေနတ်တွေလည်း ပါလာတယ်၊ တံခါးကိုဆွဲဖွင့်တာမရတော့ အထဲကိုရမ်းသန်းပစ်ပြီး ထွက်ပြေးတယ်၊ အဲဒီမှာ ဆိုင်ရှင်ဦးဇော် ခေါင်းကိုကျည်ဆန်ထိပြီး သေတာ" ဟု အခင်းဖြစ်စဉ်သိရှိသည့် မြို့ခံတစ်ဦးက ပြောသည်။

ယမန်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်က၊ ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦးအဖွဲ့ ရောက်လာပြီး ရွှေဆိုင်အား ဓားပြတိုက်ရန်ပြုလုပ်‌စဉ် ဓားပြအဖွဲ့တွင် သေနတ်များ ပါလာကြောင်း သိသာထင်ရှားသည့်အတွက် ဆိုင်ပိုင်ရှင်နှင့်၀န်ထမ်းများက ဆိုင်တံခါးပိတ်လိုက်ရာ ဓားပြအဖွဲ့က ပြန်ဖွင့်ရန်ကြိုးစားသော်လည်း မရသဖြင့် ဆိုင်အတွင်းသို့ ပစ်ခတ်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခံရမှုကြောင့် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ အသက် ၅၁ နှစ်အရွယ် ဦးဇော်နိုင်ထွန်းသည် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ဆိုင်အတွင်းရှိ ပစ္စည်းတစ်စုံတရာ ဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါဓားပြတိုက်မှုနှင့်ပတ်သက်၍ စစ်ကောင်စီကိုဝါဒဖြန့်ပေးနေသည့် တယ်လီဂရမ်ချန်နယ်များတွင် PDF လက်ချက်ဖြစ်ကြောင်း ရေးသားဖော်ပြကြပြီး မျက်မြင်ဒေသခံများက ပျူစောထီးအဖွဲ့လက်ချက်ဖြစ်ကြောင်း ဆိုကြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ကို မဇ္ဈိမအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေး‌ပေ။

မြင်းခြံမြို့တွင်၊ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၈ ရက်ကလည်း၊ အမှတ်(၈)ရပ်ကွက် စည်ပင်သာယာဈေးတောင်ဘက်ရှိ ဝိန့်ဆန်းရွှေဆိုင်ကို ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦးက ဓားပြ၀င်တိုက်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့‌သေးသည်။ အဆိုပါဖြစ်စဉ်တွင်၊ ရွှေထည်ပစ္စည်းမျိုးစုံ သိန်း ၃,၀၀၀ ကျော်ဖိုး ပါသွားကြောင်းလည်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required