ရေးမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အမျိုးသမီး သေဆုံး

By ဂျူချန်း (မဇ္ဈိမ)
09 June 2023
ရေးမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အမျိုးသမီး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၈ ရက် နံနက် ၉နာရီကျော်အချိန်က နှစ်ကရင်ကျေးရွာအုပ်စု ၊ ဝယ်ဖယ်ကျေးရွာ အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ကရင်ကျေးရွာ၊ ရပ်ကွက်(၅) တွင်နေထိုင်သည့် အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး ဗိုက်တွင် ကျည်ထိမှန်ဒဏ်ရာရခဲ့ရာ ဆေးရုံပို့သည့်လမ်းတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
 
“ရွာထဲကို သူတို့ (လက်နက်ကိုင်လူတစ်စု) တွေဝင်လာပြီး ဥက္ကဋ္ဌကို ခေါ်သွားတယ်။ အဲ့ဒါပြီးတာနဲ့ ပစ်တာပဲ။ ၉ နာရီ ခွဲလောက်မှာတစ်ကြိမ်၊ ၉ နာရီ ၄၅မိနစ်မှာ နှစ်ကြိမ် ဆက်တိုက်ပစ်လာတယ်။ ကောင်မလေးတစ်ယောက် ဗိုက်ပေါက်သွားပြီး ဆုံးသွားတယ်။ သူ့မှာ နှစ်နှစ်အရွယ် ကလေးလည်း ကျန်ခဲ့တယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်နက်ကိုင်များ၏ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည့် နှစ်ကရင်ကျေးရွာဥက္ကဋ္ဌသည် ထိုနေ့ညနေ ၄ နာရီခန့်တွင် ၎င်း၏နေအိမ်သို့ ပြန်ရောက်လာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်နက်ကိုင်လူတစ်စုသည် အရပ်ဝတ်များဖြင့် ဝင်လာခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းကဖြစ်သည်ကို မသိရှိရကြောင်း ဒေသခံကဆိုသည်။

ထို့နောက် ညနေ ၆ နာရီခန့်တွင် တစ်ကြိမ်၊ ည ၁၀ နာရီကျော်တွင် တစ်ကြိမ် လက်နက်ကြီးသံ ထပ်မံကြားရကြောင်းလည်း ဒေသခံများက ပြောသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး တော်လှန်ရေးအင်အားစုများရှိမည်ဟု ယူဆသည့် နေရာများသို့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်းလည်း သိရသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly