နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများ ရခိုင်ပြည်နယ်အတွင်း သွားလာကူညီခွင့် စစ်ကောင်စီပိတ်ပင်၊ မုန်တိုင်းဘေးသင့် ရခိုင်လူထု အငတ်ဘေးကြုံနိုင်ဟု အရပ်ဖက်အဖွဲ့များပြော

By ဂျူချန်း (မဇ္ဈိမ)
08 June 2023
နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများ ရခိုင်ပြည်နယ်အတွင်း သွားလာကူညီခွင့် စစ်ကောင်စီပိတ်ပင်၊ မုန်တိုင်းဘေးသင့် ရခိုင်လူထု အငတ်ဘေးကြုံနိုင်ဟု အရပ်ဖက်အဖွဲ့များပြော
ဓာတ်ပုံ - မုန်တိုင်းဘေးသင့် ရခိုင်ပြည်နယ်ဒေသခံများ

ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများအားလုံးကို စစ်ကောင်စီက ခရီးသွားလာခွင့်ပိတ်ပင်လိုက်သောကြောင့် မုန်တိုင်းဘေးသင့် ရခိုင်လူထုအတွက် စိုးရိမ်စရာအလွန်ကောင်းကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကူညီရေးအဖွဲ့အစည်းများသို့ ဆောင်ရွက်ခွင့်ပြုထားသည့် ခရီးသွားလာခွင့်များအား ဇွန်လ ၇ ရက်နေ့မှစတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၏ ဇွန်လ ၈ ရက်နေ့ရက်စွဲပါ အကြောင်းကြားစာတွင် ပါရှိသည်။အဆိုပါ အကြောင်းကြားစာတွင် စစ်ကောင်စီ၏လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူက လက်မှတ်ထိုးထားသည်။

အဆိုပါ ညွှန်ကြားစာ လက်ခံရရှိထားပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်အဖွဲ့အစည်းများအားလုံးကို ခရီးသွားလာခွင့် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင် ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ယနေ့ မေလ ၈ရက်တွင် ပြောသည်။

" အရပ်ဖက်အဖွဲ့တွေကို စာပို့တယ်။ လူတွေ ငတ်သွားနိုင်တယ်။ ဒီနှစ်ပတ် သုံးပတ်အတွင်း တချို့နေရာတွေကို မရောက်သွားရင် လူတွေ ငတ်သွားနိုင်တယ်။ အခုလည်း ငတ်နေကြတယ်။ တချို့အိမ်တွေဆိုရင် ဆန်တစ်ပြည်တောင် မရှိဘူး” ဟု အမည်မဖော်လိုသည့် ကူညီကယ်ဆယ်ရေး အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယခင်ကလည်း လွတ်လပ်စွာ သွားလာခွင့် မရခဲ့သလို ယခုကဲ့သို့ ခရီးသွားလာခွင့် ပိတ်လိုက်ခြင်းသည် ဒေသခံပြည်သူများအတွက် ဒုက္ခများစွာ ကြုံတွေ့ရနိုင်ကြောင်း ကူညီကယ်ဆယ်အရေးအဖွဲ့များကပြောသည်။

ပြည်တွင်းနှင့် အရပ်ဖက်အဖွဲ့အစည်းများသည် အရေးပေါ်ကာလတွင်သာ ထောက်ပံ့ထားနိုင်ပြီး နိုင်ငံတကာမှအကူအညီမရပါက ရေရှည်တွင် ဒေသခံပြည်သူများ အငတ်ဘေးဖြင့် ရင်ဆိုင်ရဖွယ်ရှိကြောင်းကူညီကယ်ဆယ်အရေးအဖွဲ့များကပြောသည်။

ကူညီကယ်ဆယ်ရေးအဖွဲ့များအား ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက ယခုကဲ့သို့ ခရီးသွားလာခွင့် ရပ်ဆိုင်းလိုက်ခြင်းသည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့တွင် မိုင်းလားမြို့၌ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA)နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီမှု မရရှိခဲ့သဖြင့် လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများရှိ‌နေသည်။

မဇ္ဈိမအနေဖြင့် စစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် ဆက်သွယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ယနေ့ ဇွန်လ ၈ရက်ည ၈နာရီခန့်အထိ အဆက်အသွယ် မရရှိသေးပေ။ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်ပြောခွင့်ရ ဦးလှသိန်းသည် အဆိုပါ ကိစ္စအား ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိသေးကြောင်း ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီယာအချို့က ယ‌နေ့ ရေးသားထားသည်။

စစ်ကောင်စီက ရခိုင်ဒေသအတွင်း ကူညီကယ်ဆယ်မှုများဆောင်ရွက်နေသည့် နိုင်ငံတကာအဖွဲ့အစည်းများအား ခရီးသွားလာခွင့် ရပ်ဆိုင်းကြောင်း အကြောင်းကြားစာ လက်ခံရရှိခြင်းရှိမရှိကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ-မြန်မာ (ICRC Myanmar)ထံသို့လည်းမဇ္ဈိမမှ ယနေ့ညနေက မေးမြန်းခဲ့ရာတွင်လည်း ယင်းအကြောင်းကို မဖြေကြားဘဲ ၎င်းတို့ထံ email ပို့ မေးရန်နှင့် အကြောင်းအရာပေါ်မူတည်ပြီး တစ်ပတ်အတွင်း အကြောင်းပြန်ပေးမည်ဟု ဖြေကြားသည်။

ရခိုင်ပြည်နယ်မှ မုန်တိုင်းဘေးသင့်ပြည်သူများသည် စားနပ်ရိက္ခာနှင့် အရေးပေါ်အကူအညီများ အရေးတကြီး လိုအပ်နေသည်ဟု နိုင်ငံတကာကူညီရေးအဖွဲ့များက ပြောဆိုနေချိန်တွင် စစ်ကောင်စီက ယခုကဲ့သို့ လုပ်ဆောင်ခြင်းက ရခိုင်လူထုကို ဒုက္ခပေးရန်အကြံအစည်ဟု မုန်တိုင်းဘေးသင့်ပြည်သူများကပြောသည်။ ပြီးခဲ့သည့် မေလ ၁၄ရက်က ရခိုင်ကမ်းရိုးတန်းသို့ဉီးတည် ဝင်ရောက်ခဲ့သော မိုခါဆိုင်လုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တပြည်နယ်လုံးအတိုင်းအတာအားဖြင့် မုန်တိုင်း ဘေးသင့်ခဲ့ရသည်။

စစ်ကောင်စီသည် မိုခါ မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက်အကူအညီများကို ဖြတ်လေးဖြတ် မူဝါဒဖြင့် ဖြတ်တောက်နေသည်ဟု မကြာသေးမီက ကျင်းပခဲ့သည့် ကုလသမဂ္ဂသဘာဝဘေးအန္တရာယ်ကျရောက်မှုလျှော့ချနိုင်ရေးဆိုင်ရာ Sendai Framework ပြန်လည်သုံးသပ်ရေးအဆင့်မြင့်အရာရှိကြီးများမျက်နှာစုံညီအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required