မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီရိက္ခာယာဉ်တန်းကို လုံခြုံရေးယူပေးနေသည့် စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးထက်မနည်း သေဆုံးသွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဇွန်လ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပခုက္ကူမှ စက်မှု(၂)သို့ ရိက္ခာလာပို့သော ယာဉ်ငါးစီးအတွက် လုံခြုံရေးယူပေးနေ သည့် အင်အား ၂၀ ပါ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက်လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း မြိုင် ပကဖ ခေါင်းဆောင် ဗိုလ်လက်ယာက ပြောသည်။
“ကျနော်တို့က အရင်မိုင်းဆွဲလိုက်တာ ပြီးတော့ ဒီကောင်တွေက ပြီးသွားပြီဆိုပြီးထအလာမှာ Auto သမားက ၅၀၊ ၆၀ နဲ့ ဝိုင်းပစ်တာ ဒီကောင်တွေ တော်တော်ထိသွားတယ်” ဟု ၎င်းကပြောသည်။
တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားပြီး မြိုင်ဆေးရုံသို့ ပို့ဆောင်းထားရကြောင်း မြိုင်(ပကဖ)၏ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းအပြင် ဇွန်လ ၇ ရက်နေ့ ည ၇နာရီခန့်တွင် မြိုင်မှပြန်လာသည့် စစ်ကောင်စီကားနှစ်စီးကို တွင်းမပျူစခန်းနှင့် ကမ္မစခန်းကြားတွင် မိုင်းပွိုင့်နှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ကားများ ပျက်စီးမှုရှိကြောင်း မြိုင် (ပကဖ) မှ ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုများကို မြိုင် (ပကဖ) တပ်ရင်း(၁) တပ်ခွဲ(၁)၊ တပ်ခွဲ (၂-ဂဠုန်) ၊ တပ်ခွဲ (၄-စင်္ကြာ) ဝံပုလွေပြောက်ကျား တပ်ဖွဲ့၊ MUGDF တပ်ဖွဲ့၊ KMDF ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ့ ၊ မုန်တိုင်းတပ်ဖွဲ့ ၊Anonymous Special Task force (ပေါက်)၊ TYK ပြောက်ကျားတပ်ဖွဲ့၊ GOD တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ