မုံရွာမြို့နယ် ရေကန်စုကျေးရွာကို စစ်ကောင်စီတပ်က ၀င်ရောက်စီးနင်းပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်

By ရောင်နီ (မဇ္စျိမ)
08 June 2023
မုံရွာမြို့နယ် ရေကန်စုကျေးရွာကို စစ်ကောင်စီတပ်က ၀င်ရောက်စီးနင်းပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ရေကန်စုကျေးရွာကို စစ်ကောင်စီတပ်က ၀င်ရောက်စီးနင်းပြီး ပြည်သူ ငါးဦးကို နှိပ်စက်သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၇ ရက်နေ့ နံနက် ၄ နာရီ၀န်းကျင်တွင် အင်အား ၁၀၀ ခန့်ပါသည့်စစ်ကြောင်းသည် ရေကန်စုကျေးရွာအတွင်း သေနတ်ပစ်ဖောက်၀င်ရောက်ကာ စီးနင်းခဲ့ခြင်းဖြစ်သည်။

“မနက် ၄ နာရီထိုးလောက် ရွာကို၀င်စီးတယ်။ အငိုက်ဖမ်းပြီး ရွာထဲ၀င်လာတဲ့သဘောပေါ့။ စစ်တပ်၀င်လာတော့ ရွာထဲကပြည်သူတွေကလည်း ထွက်ပြေးကြတာ။ အဲဒီလို ထွက်ပြေးတဲ့ပြည်သူတွေကို စစ်ကောင်စီတပ်က လိုက်လံ ဖမ်းဆီးတာတွေလုပ်ခဲ့တယ် ” ဟု ဒေသခံသတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။ 

စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိ ပြည်သူ ၅၀ နီးပါးကို စာသင်ကျောင်းအတွင်းဖမ်းဆီးထားပြီးနောက် ၎င်းတို့အနက်မှ ငါးဦးကို နှိပ်စက်သတ်ဖြတ်သွားခဲ့ကြောင်း ဆိုသည်။

“ စာရင်းအနေနဲ့ကတော့ ခြောက်ယောက်လို့သိထားရတယ်။ မြေပြင်မှာ စုံစမ်းရသလောက်တော့ လောလောဆယ် ငါးယောက်ပါ။ အရှင်လတ်လတ် ခေါင်းဖြတ်သတ်ခံရပြီးမှ မီးပုံရှို့ထားခဲ့တာပါ” ဟု ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီတပ်က ရေကုန်စုကျေးရွာအတွင်းကို ၀င်ရောက်စီးနင်းပြီး အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို  အကြမ်းဖက်နှိပ်စက် သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။

သတ်ဖြတ်ခံရသူများထဲတွင် ကလေးငယ်တစ်ဦးပါ၀င်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္စျိမအနေ ဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီ၀ါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင်လည်း ရေကန်စုကျေးရွာကို ၀င်ရောက်စီးနင်းမှုအတွင်း PDF တပ်ဖွဲ့၀င် ငါးဦးကိုသတ်ဖြတ်ခဲ့ကာ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြမှုရှိခဲ့သည်။ 

“ ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ရတဲ့သူ ငါးဦးစလုံးက အရပ်သားပြည်သူတွေပါ။ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတယ် ဆိုတာကလည်း မဟုတ်ပါဘူး။  သူတို့က တခြားတစ်နေရာကနေယူလာတာတွေပါ” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်က ကျေးရွာများအတွင်း၀င်ရောက်စီးနင်းမှုတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်လေ့ရှိပြီး အဆိုပါလုပ်ရပ်သည်  စစ်ကောင်စီတပ်၏ လှည့်ကွက်သာဖြစ်ကြောင်း မုံရွာအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုမှ တာ၀န်ရှိသူတစ်ဦးက ဆိုသည်။

“ အရင်ကလည်း ကျွန်တော်တို့ အထိုင်စခန်း ၀င်စီးခံရတုန်းက လက်လုပ် ၄၀ ( ၄၀ မမ ) သုံးလက်ပါသွားတာရှိ တယ်။ တစ်လကျော်လောက်အကြာ မိုးညှင်းဖက်မှာ  သူတို့ကိုခုခံလို့ ပဒက်ကင်တစ်ကောင်ကို ပစ်ခတ်ဖမ်းမိတယ် ဆိုပြီး ပြည်သူအလောင်းဘေးမှာ ကျနော်တို့ သေနတ်ကိုချပြီး ဓာတ်ပုံရိုက်တာတွေရှိတယ်။ စစ်တပ်ရဲ့ လှည့်ကွက် တွေပါ ” ဟု နွေဦးသစ္စာ ပြောက်ကျားအင်အားစုအဖွဲ့မှ ကိုဒေါင်းရာဇာက ပြောသည်။ 

စစ်ကောင်စီတပ်က၀င်ရောက်စီးနင်းကာ ပြည်သူငါးဦးကို သတ်ဖြတ်ခဲ့သည့် ရေကန်စုကျေးရွာသည် မုံရွာ-အရာ တော်လမ်း မြောက်ဘက်တွင်တည်ရှိသည့် ကျေးရွာတရွာဖြစ်သည်။

ဇွန်လ ၇ ရက်နေ့ နံနက်အစောပိုင်းက ရေကန်စုကျေးရွာအတွင်း စစ်ကောင်စီတပ်၏ ၀င်ရောက်စီးနင်းမှု ဖြစ်စဥ် သည် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့အတူ ယင်းနေ့တွင်ပင် ရောင်တော်ထုံးကျေးရွာကိုလည်း စစ်ကောင်စီတပ်က ၀င်ရောက်စီးနင်းမှုရှိခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

“ ရေကန်စုရွာကို တခါမှ စစ်ကောင်စီတပ်၀င်စီးတာ မရှိဘူး အခုမှ ၀င်တာ။ ရောင်တော်ထုံးရွာကလည်း ၀င်ခဲတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ရေကန်စုကျေးရွာအတွင်း၀င်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ၎င်းပတ်ဝန်း ကျင်အနီးအနားရှိကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုးမည့် အခြေအနေရှိနေကြောင်း  ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required