မြန်မာစစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုနှင့်ပတ်သက်၍ ရိုဟင်ဂျာများက အာဂျင်တီးနား တရားရုံး၌ သက်သေထွက်ဆို

မြန်မာစစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုနှင့်ပတ်သက်၍ ရိုဟင်ဂျာများက အာဂျင်တီးနား တရားရုံး၌ သက်သေထွက်ဆို
Photo-AFP

ရိုဟင်ဂျာတို့အပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည်ဆိုသည့် ပြစ်မှုများနှင့်ပတ်သက်ပြီး အာဂျင်တီးနား တရားရေး စုံစမ်းစစ်ဆေးမှုတစ်ရပ်၏ တစ်စိတ်တစ်ဒေသအဖြစ် မြန်မာ၏ ရိုဟင်ဂျာ မွတ်စလင် လူနည်းစုမှ အဖွဲ့ဝင်များသည် ဇွန်လ ၇ ရက်က ဗျူနိုစ် အေးရိစ်၌ ပထမဆုံးအကြိမ်အဖြစ် တရားရုံးတွင် လူကိုယ်တိုင် သက်သေထွက်ဆိုခဲ့သည်ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

တံခါးပိတ် ပြုလုပ်သည့် အဆိုပါ တရားရုံးကြားနာမှုက “မြန်မာနိုင်ငံရှိ လူတိုင်းအတွက် သမိုင်းဝင် နေ့တစ်နေ့” ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာ ရိုဟင်ဂျာ အဖွဲ့အစည်း ယူကေ ၏ ဥက္ကဋ္ဌ မောင်ထွန်းခင်က ပြောသည်။

“နောက်ပိတ်ဆုံးမှာတော့ လူကိုယ်တိုင် ကြားနာမှုတွေ ဖြစ်ပေါ်လာပြီး ခိုင်လုံတဲ့ သက်သေအထောက်အထားကိုလည်း တရားရုံးမှာ တင်သွင်းနေပါပြီ” ဟု သူက ပြောသည်။

တရားရုံး၌ သက်သေထွက်ဆိုခဲ့သူ အရေအတွက်၊ ၎င်းတို့ မည်သူမည်ဝါ ဖြစ်သည် ဆိုသည်နှင့် ၎င်းတို့ ထွက်ဆိုသည့် သက်ဆိုင်ရာ အချက်အလက်တို့ကို “လုံခြုံရေးအရ” မောင်ထွန်းခင်က အသေးစိတ်ပြောဆိုခြင်း မရှိပေ။

လူ ဒါဇင်ဝက်ခန့်၏ ကြားနာမှုများက ဇွန် ၁၃ ရက်အထိ ဆက်ရှိဖွယ်ရှိကြောင်း အမှုနှင့်ပတ်သက်ပြီး သိရှိနေသည့် သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

ရိုဟင်ဂျာတို့အပေါ် မြန်မာစစ်သားများ ကျူးလွန်သည် ဆိုသော ပြစ်မှုများအပေါ် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ယင်းကို အာဂျင်တီးနား၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထိန်းသိမ်းပါဝင်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (universal jurisdiction) ဥပဒေသအောက်တွင် လုပ်ဆောင်မည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်က အာဂျင်တီးနား တရားရေးအာဏာပိုင်တို့က ကြေညာခဲ့သည်။

ထိုနှစ်မှာပင် ဘင်္ဂလားဒေ့ရှ်၌ ဒုက္ခသည်များအဖြစ် နေထိုင်လျက်ရှိသော ရိုဟင်ဂျာ အမျိုးသမီးခြောက်ဦးက အာဂျင်တီးနား တရားရုံးတစ်ခု၏ ရှေ့မှောက်၌ အွန်လိုင်း ကြားနာမှုတစ်ခုတွင် ပါဝင်ခဲ့ကြပြီး မြန်မာစစ်တပ်၏ ဖိနှိပ်မှုအတွင်း ဆွေမျိုးများ လိင်စော်ကားခံရမှုနှင့်သေဆုံးမှုတို့ ရှိခဲ့ကြောင်း တင်ပြခဲ့ကြသည်။

“(မြန်မာစစ်တပ်၏ ကျူးလွန်မှုများမှ) အသက်ရှင်ကျန်ရစ်သူတွေရဲ့ လူကိုယ်တိုင် ထွက်ဆိုကြားနာမှု ဆက်လုပ်နေပါတယ်။ အရမ်းအရေးကြီးတဲ့ သက်သေအထောက်အထားကို တင်ပြနေပါတယ်” ဟု မောင်ထွန်းခင်က ပြောသည်။

အာဂျင်တီးနား တရားရုံးများသည် ယခင်ကတည်းက universal jurisdiction နိယာမအောက်တွင် နိုင်ငံရပ်ခြား (ပြည်ပ) အမှုကိစ္စများကို စုံစမ်းစစ်ဆေးရန် သဘောတူထားခဲ့ကြသည်။ အထူးသဖြင့် စပိန်ရှိ ဖရန်စစ္စကို ဖရန်ကို၏ ဖက်ဆစ် အစိုးရလက်ထက် ကျူးလွန်သည့် ပြစ်မှုများနှင့်ပတ်သက်၍ဖြစ်သည်။

ထို ဥပဒေသအရ ကြီးလေးအဆိုးရွားဆုံးသော ပြစ်မှုတချို့၏ လက်သည်တရားခံများနှင့်ပတ်သက်ပြီး၊ ၎င်းတို့ မည်သည့်နိုင်ငံသားဖြစ်စေ၊ သို့မဟုတ် ပြစ်မှုများကို မည်သည့်နေရာတွင် ကျူးလွန်ခဲ့ပါစေ၊ ထို ကျူးလွန်သည့် တရားခံများကို တရားစွဲဆိုရန် ဖြစ်နိုင်ခြေကို ပေးသည်။

၂၀၁၇ ခုနှစ်က မြန်မာတွင် စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုတစ်ရပ်ကြောင့် ရိုဟင်ဂျာ အစုအဖွဲ့ဝင် ၇၅၀,၀၀၀ ခန့် သည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ကြရပြီးနောက် ယခုအခါ စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုကိစ္စသည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရှေ့မှောက်တွင် “လူမျိုးတုံး သတ်ဖြတ်မှု လုပ်ရပ်များ” အတွက် တရားစွဲဆိုမှုနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (ICC) တွင် သီးခြားတရားစွဲဆိုမှုတို့ ရှိနေသည့် အကြောင်းကိစ္စဖြစ်သည်။

Rohingya testify on Myanmar crackdown in Argentina court
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly