NLD ဝန်ကြီး ၂ ဦး၏ အဂတိမှု အထူးအယူခံကို တရားလွှတ်တော်ချုပ် ပယ်ချ

By 001 (မဇ္ဈိမ)
08 June 2023
NLD ဝန်ကြီး ၂ ဦး၏ အဂတိမှု အထူးအယူခံကို တရားလွှတ်တော်ချုပ် ပယ်ချ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့၏ အထူးအယူခံအမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

အဆိုပါအမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဇွန်လ ၆ ရက်နေ့ရုံးချိန်းတွင် ပယ်ချလိုက်ခြင်းဖြစ် ကြောင်း သိရသည်။
ဒေါက်တာမျိုးအောင်နှင့် ဦးနိုင်ငံလင်းတို့ အမိန့်ချခံထားရသည့် အဂတိလိုက်စားမှု အမှုခြောက်မှုကို ပထမအကြိမ် အယူခံတက်ရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်သည့်အတွက် အထူးအယူခံဆက်တက် ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အဆိုပါအမှုများကို အထူးအယူခံဝင်ခွင့်မပေး ဘဲ အကျဉ်းနည်းဖြင့် ပလပ်လိုက်ကြောင်းခြင်းဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူများက ပြောသည်။ “အထူးအယူခံဝင်ခွင့် မပြုတော့ဘူးပေါ့။ အဲဒီလိုဆိုတော့ အထူးအယူခံပြီးရင် ဘာမှလုပ်လို့မရတော့ဘူး” ဟု တရား ရုံးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ပလပ်ခံရသည့် အမှုများတွင် ဒေါက်တာမျိုးအောင်အား ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ခံ ကိုယ်စားလှယ် လောင်းများအတွက် အလှူငွေလက်ခံရယူသည်ဟုဆိုကာ အမိန့်ချမှတ်ခဲ့သည့် အဂတိအမှုတစ်မှုလည်း ပါဝင်သည်။ကျန်သည့်ငါးမှုမှာ ဦးနိုင်ငံလင်းအား ပညာရေးဆိုင်ရာအဆောက်အဦးများ ဆောက်လုပ်ရေးတင်ဒါကော်မတီ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်စဉ်က လုပ်ငန်းရှင်အချို့ထံမှ လာဘ်ယူသည်ဟုဆိုကာ အမိန့်ချမှတ်ခဲ့သည့် အဂတိအမှုငါးမှု ဖြစ် သည်။

ဦးနိုင်ငံလင်းအနေဖြင့် အဆိုပါအမှုငါးမှုအတွက် အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံခဲ့ရပြီး ဒေါက်တာ မျိုးအောင် အနေဖြင့်မူ လက်ရှိတွင် စစ်ကောင်စီဘက်က စွပ်စွဲထားသည့်အမှုများအတွက် ထောင်ဒဏ် အနှစ် ၂၀ ကျော် ချမှတ် ခံထားရသည်။၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၃,၂၈၃ ဦးရှိပြီး ထို အထဲမှ ၁၈,၉၅၃ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ကောက်ယူထားသော မှတ်တမ်းများအရ သိရသည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly