သပိတ်ကျင်းမြို့နယ်တွင် တောဆင်နင်း၍ လူတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်တွင် တောဆင်နင်း၍ လူတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

မန္တလေး၊ မတ် ၂၉ ။ ။ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးကျေးရွာအရှေ့ဘက် ထိုးကျချောင်းအနီးတွင် မတ်လ(၂၅)ရက်က တောဆင်နင်း၍ လူတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

စိုက်ပျိုးရေးခြံအတွင်း ညနေ၅နာရီခန့်တွင် တောဆင်ရိုင်းတစ်ကောင် ဝင်သဖြင့် အော်ဟစ်ခြောက်လှန့် မောင်းထုတ်ကြရာ တောဆင်ရိုင်းက ပြန်လိုက်ပြီး နှမောင်းဖြင့်ရိုက် ခြေထောက်ဖြင့် နင်းပြီး ဦးခေါင်းဖြင့်တိုက်သဖြင့် တစ်ဦးဒဏ်ရာရရှိကာ တစ်ဦးသေဆုံးခဲ့သည်ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးကပြောသည်။

ထိုနေရာသို့ တောဆင်ရိုင်းများ ဝင်ရောက်လာသည်မှာ ၁၅ရက်ခန့် ရှိပြီဖြစ်ပြီး ယခင်နှစ်များကလည်း သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် သီးနှံစိုက်ခင်းများအတွင်း လှည့်လည်သွားလာကာ သီးနှံပင်များဖျက်ဆီးခြင်း၊ လူကိုနင်းသတ်ခြင်းများ ဖြစ်ဖူးကြောင်း အုံးဇုံးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေက ပြောသည်။

တောဆင်ရိုင်းက နှာမောင်းဖြင့် ရိုက်ကာခြေထောက်ဖြင့် နင်းပြီး ဦးခေါင်းဖြင့်တိုက်ခြင်းကြောင့် အသက်၂၇နှစ်ရှိ ဝေလင်းအောင်မှာ ဝဲယာခြေသလုံးကျိုးပဲ့ဒဏ်ရာ(၁)ချက်၊ ဝဲယာလက်ဖျံ၊ ကျိုးပဲ့ဒဏ်ရာ(၁)ချက်တ့ိုရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။ အကိုဖြစ်သူ အောင်ကျော်သူအသက်(၂၉)နှစ်မှာ ဦခေါင်းဖြင့် ဝင်ရောက်ပစ်တိုက်ခံရ၍ ဝဲဘက်နှဖူး ပေါတ်ပြဲဒဏ်ရာ(၁)ချက်၊ ဆီးခုံနာကျင်ဒဏ်ရာ(၁)ချက်စီဖြင့် သပိတ်ကျင်း ဆေးရုံကြီးသို့ ပ့ိုပြီးကုသရာ စိုးရိမ်ရ၍ မန္တလေးဆေးရုံကြီးသို့ပြောင်းရွှေ့ကုသခဲ့ရကြောင်း သပိတ်ကျင်းမြို့နယ်ဆေးရုံ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုနင်းသတ်ခဲ့သောဆင်မှာ ဟိုင်းဆင်ဖြစ်ပြီး ယင်းနယ်တဝိုက် တောင်သူများ စိုက်ပျိုးလုပ်ကိုင်နေကြသော်လည်း တောဆင်ရိုင်းအန္တရာယ်ကြောင့် ညစောင့်အိပ်ရန်ပင် ခက်ခဲနေကြောင်း ဒေသခံတစ်ဦးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly