ကမ္ဘာမြေချစ်သူဆု ၄ နှစ်အတွင်း ပြန်လည်ပေးအပ်မည်

By KMN (မဇ္ဈိမ)
06 June 2023
ကမ္ဘာမြေချစ်သူဆု ၄ နှစ်အတွင်း ပြန်လည်ပေးအပ်မည်
Photo - KMN (၂၀၁၉ ခုနှစ်တွင်ကျင်းပခဲ့သည့် ကမ္ဘာမြေချစ်သူဆုပေးပွဲအခမ်းအနား)

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆုတစ်ခုဖြစ်သည့် ကမ္ဘာမြေချစ်သူဆုကို လာမည့် ၂၀၂၃ ခုနစ် သြဂုတ်လအတွင်း ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း စီစဉ်သူများက ပြောသည်။

ကမ္ဘာမြေချစ်သူဆုကို ကွယ်လွန်သွားသည့် သစ်တောပညာရှင် ဦးအုန်းမှ ၂၀၁၂ခုနှစ် က စတင်ချီးမြှင့်ခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ လေးကြိမ် ချီးမြှင့်ခဲ့သည်။ ၎င်းနောက် ရပ်ဆိုင်းသွားပြီး ငါးကြိမ်မြောက်ဆုပေးပွဲကို ၂၀၁၉ ခုနှစ်က ရန်ကုန်မြို့တွင် နောက်ဆုံးကျင်းပခဲ့ပြီး လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၁၆ ဖွဲ့ကို ရွေးချယ် ဆုချီးမြှင့်ခဲ့သည်။

ယင်းနောက် လေးနှစ်ခန့်အကြာ ယခုနှစ်သြဂုတ်လအတွင်းတွင် ခြောက်ကြိမ်မြောက်အဖြစ် ပြန်လည်ရွေးချယ် ဆုချီးမြှင့်ဖို့စီစဉ်နေကြောင်း သိရသည်။
 
"ဒီနှစ်မှာထူးထူးခြားခြားဆိုရင် အထူးဆုတွေပါပါမယ်၊ အထူးဆုကတော့ ဆုရွေးချယ်ရေးအဖွဲ့က သီးသန့်ပေးတဲ့ဆုပါ၊ လာလျှောက်စရာမလိုဘဲနဲ့ သီးခြားပေးတဲ့ ဆုပေါ့။ သစ်ပင်စိုက်ယုံ မဟုတ်ဘဲနဲ့ ကမ္ဘာမြေအတွက် အကျိုးပြုတဲ့သူတွေကို ပေးမယ့်ဆုပါ"ဟု ကမ္ဘာမြေချစ်သူ ဆုရွေးချယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သစ်တောပညာရှင် ဦးအုန်းသည် ပုပ္ပားတောင်ကတုံးကို စိမ်းလန်းစေခဲ့ပြီး ဒီရေတောများ ရှင်သန်စေခဲ့သည့်အတွက် ဂျပန်နိုင်ငံမှ ကမ္ဘာမြေချစ်သူဆုကို ချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းဆုရခဲ့သည့် အထိမ်းအမှတ်အနေဖြင့် သူမကွယ်လွန်မီအချိန်တည်းက ပြည်တွင်းတွင် ကမ္ဘာမြေချစ်သူဆုကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အနည်းဆုံး သစ်ပင် ၁,၀၀၀ နှင့်အထက် ရှင်သန်အောင်နှစ်ရှည်စိုက်ပျိုးခဲ့သူများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ထူးထူးခြားခြား ပေါ်ပေါ်ထင်ထင် လုပ်ကိုင်ဆောင်ရွက်သောသူများ အဖွဲ့အစည်းများအနေဖြင့် ကမ္ဘာမြေချစ်သူဆုအတွက် ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထားကာ လျှောက်ထားနိုင်ကြောင်း စီစဉ်သူများက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly