နတ်သံကွင်းအနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများ စီးနင်းတိုက်ခိုက်ခံရ

By YT  ( မဇ္ဈိမ)
06 June 2023
နတ်သံကွင်းအနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများ စီးနင်းတိုက်ခိုက်ခံရ

KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့တွင် ယနေ့ ဇွန်လ ၆ ရက် နံနက်အစောပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေကြောင်း တပ်မဟာ(၃) KNLA နှင့် ဒေသခံများထံမှ သိရသည်။

“မနက် ၄ နာရီ ၁၅ မိနစ်လောက်ကစဖြစ်တာ။ ရေတွင်းကုန်းရွာ၊ နတ်သံကွင်းရဲစခန်း၊ ဘုံသတောတပ် စခန်း၊ ရေတွင်းကုန်းလမ်းဆုံ အဲဒီနေရာတွေမှာ အဓိကဖြစ်တာ။ ကျန်တဲ့နေရာတွေ အသံတိတ်ကုန်ပေ မယ့် နတ်သံကွင်းရဲစခန်းမှာက ပစ်နေတုန်းဘဲ” ဟု နတ်သံကွင်းမှ ဒေသခံတဦးက မဇ္ဈိမသို့ပြောသည်။

ဇွန်လ ၆ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်မှစတင်၍ ရေတွင်းကုန်းကြီးကျေးရွာအတွင်း စစ်ကြောင်းထိုး အထိုင်ချနေသော စစ်ကောင်စီတပ်သားများအား တပ်မဟာ(၃) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကာ နံနက် ၇ နာရီအထိ အပြန် အလှန်ပစ်ခတ်မှုများရှိကြောင်း သိရသည်။

တိုက်လေယာဉ် ငါးစီးလာတယ် သုံးစီးနဲ့ဗုံးကြဲသွားတယ်။ တိုက်ပွဲဖြစ်တဲ့ နတ်သံကွင်းရဲစခန်းနဲ့ အနီး တဝိုက်ကိုပါ။ လောလောဆယ်တော့ အိမ်ငါးလုံးပျက်စီးထားတယ်”ဟု တပ်မဟာ(၃) KNLA သတင်းရင်း မြစ်က မဇ္ဈိမကိုပြောသည်။

နံနက် ၇ နာရီအချိန်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ငါးစီးလာရောက်ခဲ့ကာ တိုက်ပွဲဖြစ်ပွားရာ တပ်စခန်းများ၏ အနီးတစ်ဝိုက်သို့ တိုက်လေယာဉ်သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါစစ်စခန်း များမှလည်း လက်နက်ကြီးများဖြင့် နီးစပ်ရာများသို့ အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခံရမှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုတို့ကြောင့် နတ်သံကွင်းမြို့အရှေ့ဘက်တွင် နေထိုင်သော ဒေသခံပြည်သူ ၁၀,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသတွင်း သတင်းရင်း မြစ်တဦးထံက သိရသည်။

ပစ်ခတ်မှုများအတွင်း နတ်သံကွင်းမြို့နှင့် ကျောက်ကြီးမြို့အကြားရှိ စစ်တောင်းတံတား (နတ်သံကွင်း)၊ ထန်းတပင်မြို့နယ် ပဲနွယ်ကုန်းကျေးရွာနှင့် နတ်သံကွင်းမြို့အား ဆက်သွယ်ထားသော နတ်ရွာတံတား တို့အား တပ်မဟာ (၃) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

“အဓိကတော့ ဒီတံတားတွေက စစ်ကောင်စီ အဓိကလှုပ်ရှားတဲ့လမ်းကြောင်းတွေမို့လို့ မိုင်းခွဲဖျက်ဆီး လိုက်တာပါ” ဟု တပ်မဟာ (၃) KNLA သတင်းအရင်းအမြစ်က ဆိုသည်။

မိုင်းခွဲ ဖျက်ဆီးခံလိုက်ရသော တံတားနှစ်စင်းသည် KNU တပ်မဟာ (၃) နယ်မြေမှ တပ်မဟာ (၂)နှင့်(၅) တို့အား သွားလာနိုင်သောလမ်းကြောင်းမှတံတားများဖြစ်ပြီး စစ်ကောင်စီက စစ်ကြောင်းထိုးခြင်း၊ ရိက္ခာ၊ လက်နက်ခဲယမ်း ပို့ဆောင်ခြင်းကိစ္စရပ်များတွင် အသုံးများကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ကလည်း မုန်းမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်း၊ ကျောက်ကြီး မြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်းစခန်းတို့အား တပ်မဟာ(၃)KNLA တပ်ပေါင်းစုမှ တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ပွဲတွင် ညောင်ကုန်းစစ်ကောင်စီစခန်းနှင့် ကျွန်းကုန်းစစ်ကောင်စီစခန်းတို့အား တနာရီ အတွင်း အပြီးသတ်တိုက်ခိုက် ခြေမှုန်းဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly