လူမှုကွန်ရက်စာမျက်နှာတွင် သတင်းများဖြန့်ချိခွင့်မရဟု စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဝန်ခံ

By မိုးသောက် (မဇ္ဈိမ)
06 June 2023
လူမှုကွန်ရက်စာမျက်နှာတွင် သတင်းများဖြန့်ချိခွင့်မရဟု စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဝန်ခံ

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အသုံးပြုခွင့်ကန့်သတ်ထားသည့် လူမှုကွန်ရက်စာမျက်နှာတွင် သတင်းများ ဖြန့်ချိရန် ကြိုးပမ်းရာ မအောင်မြင်ကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးက ဝန်ခံပြောဆိုသည်။

ပြန်ကြားစာမျက်နှာများ ဖွင့်လှစ်ရန် ကြိုးစားခဲ့သော်လည်း ဖြုတ်ချခံခဲ့ရသည်ဟု စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက အင်ဒိုနီးရှားနိုင်ငံမှ သတင်းဌာနတစ်ခုနှင့် တွေ့ဆုံရာတွင် ပြောခဲ့ခြင်းဖြစ်သည်။

“ဝမ်းနည်းဖွယ်ရာကောင်းတာက  မီဒီယာအနိုင်ကျင့်ခြင်း ခံရတယ်ပြောရမလားမသိပါဘူး။ facebook မှာဆိုရင် ကျနော်တို့ရဲ့ MRTVဟာ Follower များတော့ facebookပေါ်ကနေ ဖယ်ရှားခြင်းခံရပါတယ်။ ကျန်တဲ့ သတင်းတုသတင်းမှားတွေ ဖော်ပြနေတဲ့ မီဒီယာတွေကတော့ တစ်ခါမှဖယ်ရှားခြင်းမခံရပါဘူး”ဟု ၎င်းကဆိုသည်။

လူမှုကွန်ရက်ပေါ်တွင်ရှိနေသည့် သတင်းဌာနများသည် သတင်းအမှားများကို ထုတ်လုပ်နေသည့်အတွက်ကြောင့် ပြည်သူများသည် သတင်းအမှားများကို ယုံနေသည်ဟု ၎င်းကစွပ်စွဲပြောဆိုထားသည်။

စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင်ရှိသည့် ရုပ်သံလိုင်းများသည် ဝါဒဖြန့်ခြင်းနှင့် သတင်းအမှားဖြန့်ရန်အတွက် အဓိကထား ထုတ်လွှင့်နေခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ တယ်လီဂရမ်ချန်နယ်များမှ ဝါဒဖြန့်မှုများကို စောင့်ကြည့်လေ့လာနေသူက ဆိုသည်။

“သူတို့(စစ်ကောင်စီ)ဘက်က သတင်းအမှားတွေ တင်လာပြီဆိုရင် မှားနေတယ်ဆိုတာ ပြန်ဖြန့်ကြတယ်။ Facebook လိုလူမှုကွန်ရက်စာမျက်နှာမှာ မျက်နှာပန်းမလှတဲ့အတွက် ကိုယ်ပိုင် တယ်လီဂရမ်တွေကနေ စစ်ကောင်စီကို အားပေးထောက်ခံတဲ့လူတွေကို သိအောင်လုပ်နေကြတာ” ဟု ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်ပြီးနောက်တွင် ပြည်သူလူထုကို facebookအသုံးပြုခွင့် ပိတ်ပင်ထားသဖြင့် ပြည်သူများသည်VPN (Virtual Private Network)များဖြင့် ကျော်လွှားကာ အသုံးပြုနေရသည်။ ထိုသို့စစ်ကောင်စီက အမျိုးမျိုးပိတ်ပင်တားဆီးထားသည့် ကြားကပင် ၂၀၂၃ ခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူ ၁၄.၅သန်းရှိကြောင်း ဖေဖော်ဝါရီလ ၃ရက်နေ့တွင် Data Reportal က ထုတ်ပြန်ထားသည်။

Facebookကိုပိတ်ပစ်ပြီး အခြားလူမှုကွန်ရက်စာမျက်နှာတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချူပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဩဂုတ်လအတွင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သေးသည်။

စစ်ကောင်စီသည် လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းတို့သတင်းစာရှင်းလင်းပွဲရှိသည့် အချိန်များတွင် အကောင့်မျိုးစုံဖြင့် ဝါဒဖြန့်ချိရန် ကြိုးပမ်းသော်လည်းအချိန်ပိုင်းအတွင်းတွင် လူမှုစံနှုန်းများနှင့် ကိုက်ညီခြင်းမရှိသည့်အတွက် ဖြုတ်ချခံရသည်ကို တွေ့ရသည်။

ထို့ကြောင့်စစ်ကောင်စီသည် ၎င်းတို့၏ ဝါဒဖြန့်မှုများကို အခြားလူသုံးများသည့် လူမှုကွန်ရက်များမှတစ်ဆင့် ပြုလုပ်လာခဲ့သည်။ အထူးသဖြင့် တယ်လီဂရမ်ချန်နယ်အမျိုးမျိုးဖွင့်လှစ်ပြီး သတင်းများနှင့် ဝါဒဖြန့်ချိမှုများ ပြုလုပ်နေသည့်အကြောင်း (Burma Affairs and Conflict Study - BACS) အဖွဲ့က စောင့်ကြည့်လေ့လာနေသည်ဟု အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီ၏ တယ်လီဂရမ်တွင် ဝါဒဖြန့်ချိမှုများကို သုံးလတာ စောင့်ကြည့်လေ့လာခဲ့သည့် ဗမာ့ရေးရာနှင့်ပဋိပက္ခလေ့လာရေး  (Burma Affairs and Conflict Study - BACS) အဖွဲ့၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များသည် သတင်းအမျိုးအစား အကြောင်းအရာ အရေအတွက် သောင်းနှင့်ချီ ဖော်ပြခဲ့ပြီး အများစုမှာ စစ်ကောင်စီအတွက် ဝါဒဖြန့်သတင်းများနှင့် တော်လှန်ရေးအဖွဲ့များကို ပြည်သူများ အထင်မြင်လွဲမှားစေသည့် သတင်းများသာဖြစ်သည်။၎င်းတို့ထဲမှ အချို့ချန်နယ်များသည် စစ်ကောင်စီသတင်းပေးများသဖွယ် ဆောင်ရွက်နေသည်။

အထူးသဖြင့် ဟန်ငြိမ်းဦးဟူသည့် တယ်လီဂရမ်ချန်နယ်တွင် တော်လှန်ရေးနှင့်ပတ်သက်သည့် ပြည်သူများ၏ ဓာတ်ပုံနေရပ်လိပ်စာများကိုဖော်ပြပြီး ဖမ်းဆီးရန် တိုက်တွန်းလေ့ရှိသဖြင့် တော်လှန်ရေးအဖွဲ့များသည်လည်း အဆိုပါချန်နယ်များကို စောင့်ကြည့်နေရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly