ရန်ကုန်တွင် အခွန်ရုံးနှင့် ကြံ့ခိုင်ရေးရုံးကို  Brave Eagles(UG) အဖွဲ့ မိုင်းဖောက်ခွဲတိုက်ခိုက်

By ဂန္ဒမာ (မဇ္ဈိမ)
06 June 2023
ရန်ကုန်တွင် အခွန်ရုံးနှင့် ကြံ့ခိုင်ရေးရုံးကို  Brave Eagles(UG) အဖွဲ့ မိုင်းဖောက်ခွဲတိုက်ခိုက်
ဓာတ်ပုံ - မိုင်းဖောက်ခွဲတိုက်ခိုက်ခံရသည့်ရုံး

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ အခွန်ရုံးနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ကြံ့ခိုင်ရေးရုံးကို ယမန်နေ့ ဇွန်လ ၅ ရက်က မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြေအောက်ပြောက်ကျားအဖွဲ့ Brave Eagles(UG) က သတင်းထုတ်ပြန်သည်။

မစ်ရှင်နှစ်ခုတွင် ပထမမစ်ရှင်အား ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်၊ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၃) ၏ သုံးလွှာတွင် မေလ ၅ရက် နေ့လယ် ၁၂နာရီ ၁၅မိနစ်က ချိန်ကိုက်မိုင်းအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

"တိုက်ခိုက်တာကတော့ အခွန်ရုံး စကစထောက်တိုင်တွေဝင်ငွေ အဝင်ဆုံးလို့ပြောလို့ရတဲ့အလယ်အလတ်တန်းရုံးပေါ့ဗျာ။ပြီးတော့ သူတို့နေရာထိဝင်ပြီး လုပ်ရဲတယ်ဆိုတာရော သတိကြီးကြီးပေးချင်တာရောNon CDM  ဝန်ထမ်း​တွေကို"  ဟုBrave Eagles(UG) အဖွဲ့ တာဝန်ခံ ကိုအောင်မြင်က မဇ္ဈိမကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင်အခွန်ရုံးမှ Non CDM ဒုဦးစီးအရာရှိ၊ ဝန်ထမ်းသုံးဦးနှင့် အခွန်လာဆောင်သည့် ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Brave Eagles(UG) အဖွဲ့ကအတည်ပြုပြောကြားသည်။

" အခွန်ဆောင်တဲ့ ပြည်သူ နှစ်ဦးထိတယ်။ ဝေးဝေးနေဖို့ မသွားကြဖို့ ပြောတာတော်တော်ကြာခဲ့ပြီဗျာ"ဟု ကိုအောင်မြင်ကပြောသည်။

ဒဏ်ရာရသူများ၏ နောက်ဆက်တွဲအခြေအနေကို အသေးစိတ်မသိရသေးပေ။

ဒုတိယမစ်ရှင်အနေဖြင့် ဒဂုံမြို့သစ်‌အရှေ့ပိုင်းမြို့နယ်၊ တပင်ရွှေထီးလမ်းနှင့် ကျန်စစ်သားလမ်းထောင့်အနီးရှိ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးရုံးကိုဇွန်လ ၅ ရက် ည ၇ နာရီ ၅ မိနစ်အချိန်တွင် အဝေးထိန်းမိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"မြို့နယ် ကြံ့ဖွံ့ရုံးမှာကလူတစ်ယောက်ရှိ‌နေတယ်။ 
သူတော့မထိသွားဘူးဗျ။ အထိအခိုက်တော့မသိဘူးဗျ"ဟု ကိုအောင်မြင်က ထပ်ပြောသည်။

ပစ်မှတ်နှစ်ခုစလုံးသည် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားထောက်တိုင်များဖြစ်နေ၍ တိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်။အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေးများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထောက်ခံအားပေး ဝန်းရံနေသော မည့်သည် ထောက်တိုင်ကိုမဆို တိုက်ခိုက်မှုအရှိန်မြှင့်သွားမည်ဖြစ်ကြောင်း Brave Eagles(UG) အဖွဲ့က ဇွန်လ ၅ရက် ညနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်အဖွဲ့အစည်းများနှင့် အဆောက်အဦများအနီးသို့ ဖြတ်သန်းသွားလာခြင်းမပြုဘဲ ရှောင်ရှားသွားလာကြရန် Brave Eagles(UG) အဖွဲ့က မေတ္တာရပ်ခံထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly