လားရှိုးမြို့မှ စစ်ကောင်စီ၏ ခမရ (၅၀၇)နှင့် အမှတ် (၂) ရဲစခန်း တိုက်ခိုက်ခံရ

By 001 (မဇ္စျိမ)
05 June 2023
လားရှိုးမြို့မှ စစ်ကောင်စီ၏ ခမရ (၅၀၇)နှင့် အမှတ် (၂) ရဲစခန်း တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့မြို့၊ ရပ်ကွက် (၅) မန်အိုင်ကုန်းရှိ စစ်ကောင်စီတပ်၏ ခမရ (၅၀၇)နှင့် ရပ်ကွက်(၁၂)ရှိ အမှတ် (၂) ရဲစခန်းတို့ ဇွန်လ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် တပြိုင်တည်း တိုက်ခိုက်ခံရကြောင်း လားရှိုးဒေသခံများကပြောသည်။

“ ဆူညံနေတာပေါ့။ လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော ဆက်တိုက်ပဲ။ ထိခိုက်မှုတော့ မကြား ဘူး။ (၅၀၇) စစ်တပ်ရဲ့ ခြံစည်းရိုးဘက် အထဲကို ရောက်မသွားဘူး။ ဘယ်အဖွဲ့တွေဆိုတာတော့ မသိရဘူး။ အခုကတော့ အခြေအနေကပုံမှန်ပါပဲ။ ဖြစ်တုန်းကတော့ အကုန်လန့်နိုးကြတာပေါ့” ဟု ဒေသခံတဦးက ပြောသည်။

မန်အိုင်ကုန်းရှိ စစ်ကောင်စီတပ်၏ ခမရ (၅၀၇)တွင် နံနက် ၃ နာရီခွဲဝန်းကျင်၌ ပစ်ခတ်မှု စတင်ဖြစ်ပွားပြီး နံနက် ၄ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ပြန်ငြိမ်သွားကြောင်း သိရသည်။

“ဖြစ်တာကနှစ်နေရာဖြစ်တာ။ နောက်တစ်ခုက မြို့ထဲမှာ၊ ရပ်ကွက်(၁၂)အမှတ်(၂)ရဲစခန်း။ မြို့လယ်ခေါင် ပဲပေါ့။ တပြိုင်တည်းပဲဖြစ်တာ။ ၅၀၇ ဘက်မှာ ဖြစ်နေတဲ့အချိန် အဲဒီဘက်လည်း တခါပြန်ဖြစ်တာ။ အဲဒီမှာ တော့ အုတ်တံတိုင်းတွေ ဘာတွေပေါက်သွားတယ်။ လူထိတယ်တော့ မကြားဘူး”ဟု အဆိုပါ ဒေသခံက ပြောသည်။

တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်က လားရှိုးမြို့ပေါ်တွင် အချိန် အနည်းငယ်ပျံဝဲ စစ်ဆေးသွားကြောင်း ဒေသခံများကပြောသည်။

ယင်းတိုက်ခိုက်မှုအား ကိုးကန့်တပ်ဖွဲ့(MNDAA)ကလုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်နေ သော်လည်း မဇ္စျိမအနေဖြင့်သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသကဲ့သို့ စစ်ကောင်စီဘက်မှလည်း တစုံ တရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်(AA)၊ ကိုးကန့် တပ်ဖွဲ့(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော်(TNLA)နှင့် အာဏာသိမ်း စစ်ကောင်စီ တို့အကြား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားတွင် ဇွန်လ ၁ ရက်မှ ၃ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း ဆွေးနွေးပွဲမှာ ရလဒ်ထွက်ပေါ်ခြင်းမရှိဘဲ ဇွန်လ ၂ ရက်နေ့မှာပင် ရပ်ဆိုင်းခဲ့သည်။

ယခုဇွန်လဆန်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ(၁)မူပန်ဒေသနှင့် ကိုးကန့်ဒေသတို့တွင် ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့်တိုက်ပွဲများဖြစ်ကြောင်းနေကြောင်း MNDAA မှ ဇွန်လ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#MNDAA

#ကိုးကန့်

#လားရှိုး

#ခမရ(၅၀၇)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly