ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲ 

By ကိုရွှေမြိတ်(မဇ္ဈိမ)
05 June 2023
ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲ 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် နန်းတောင်ကျေးရွာအုပ်စုရှိ ကျောင်းနိမ့် ကျေးရွာကို ယနေ့ ဇွန်လ ၅ ရက် နံနက် ၇ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်မှာ ပုလောမြို့နယ်အခြေစိုက် ခလရ(၂၈၅)တပ်ရင်းမှဖြစ်ပြီး အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

“ စစ်တပ်ကဒရုန်းနဲ့ အရင်ဗုံးကြဲတယ်။ ပြီးတော့ လက်နက်ကြီးနဲ့ထပ်ပစ်တယ်။ အမျိုးသမီးတဦး ဒဏ်ရာ ရတယ်” ဟု ကျောင်းနိမ့်ရွာခံက ပြောသည်။

ထိခိုက်ခဲ့သူမှာ ကျောင်းနိမ့်ကျေးရွာမှ ဒေါ်ခင်စန်းဝင်းဆိုသူဖြစ်ပြီး ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပါဘူး။ စစ်တပ်ကအကြောင်းမဲ့ ပစ်ခတ်တာပါ” ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာအုပ်စုတွင် နန်းတောင်၊ ကျောင်းနိမ့်၊ မှော်မိနှင့် ဂျင့်ဂါရွာများရှိပြီး ယင်းကျေးရွာများတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ဖူးသည်။

ထို့ကြောင့် စစ်ကောင်စီတပ်ဘက်မှ ရွာကိုပစ်မှတ်ထားကာ ဒရုန်း၊ လက်နက်ကြီးများဖြင့် မကြာခဏ တိုက်ခိုက်လေရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီက ပုလောမြို့နယ်ကိုစစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက်တွင် နှစ်ဖက် တိုက်ပွဲများ ပိုမို‌ပြင်းထန်လာခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly