ရန်ကုန်မှာ စစ်ဆင်ရေးပေါင်း ၂၀၀၀ ကျော်ပြုလုပ်တိုက်ခိုက်ထားပြီး ဗိုလ်မှူးကြီးအဆင့်အပါအဝင် ၆၀၀ ကျော် ရှင်းလင်းခဲ့ဟု ရန်ကုန်စစ်ဒေသခွဲ ထုတ်ပြန်

05 June 2023
ရန်ကုန်မှာ စစ်ဆင်ရေးပေါင်း ၂၀၀၀ ကျော်ပြုလုပ်တိုက်ခိုက်ထားပြီး ဗိုလ်မှူးကြီးအဆင့်အပါအဝင် ၆၀၀ ကျော် ရှင်းလင်းခဲ့ဟု ရန်ကုန်စစ်ဒေသခွဲ ထုတ်ပြန်

အာဏာသိမ်းပြီးနောက် ရန်ကုန် တိုင်းစစ်ဒေသခွဲအနေနဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရန်ကုန်အတွင်း စစ်ဆင်ရေးပေါင်း ၂,၀၀၀ ကျော်ကို ပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက် ရန်ကုန်တိုင်းစစ်ဒေသခွဲက ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်တာအတွင်း စစ်ကောင်စီရဲ့ ဗိုလ်မှူးကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀ ကျော်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၉၀၀ ကျော်အထိလည်းရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ရန်ကုန်တိုင်း စစ်ဒေသခွဲအနေနဲ့ ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ စစ်ဆင်ရေး ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းစစ်ဒေသခွဲ နဲ့ ပြောက်ကျားအဖွဲ့တွေဘက်ကတော့ သေဆုံးသူ ၈၀ အထိရှိခဲ့သလို၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ခန့်ရှိခဲ့ တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီလိုစစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲနဲ့ မြို့ပြပြောက်ကျား အဖွဲ့ဝင်ပေါင်းကလည်း ၁၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ရေးပစ်မှတ်အနေနဲ့ တစ်ထောင်ကျော်၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးပစ်မှတ် ၈၀၀ ကျော်နဲ့ စီးပွားရေးပစ်မှတ် ၂၀၀ ကျော် လုပ်ဆောင်ခဲ့ကြောင်း အထူးစစ်ဆင်ရေး လှုပ်ရှားမှုအကြိမ်ရေ ၅၀၊ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၅၀၀ ကျော်နဲ့ ဖောက်ခွဲတိုက်ခိုက်မှုပေါင်း ၁၅၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly