ပဲခူးရိုးမကို စစ်ကောင်စီ စစ်ကြောင်းထိုး၊စစ်ရေးတင်းမာနေ

By ရွှေနွယ်( မဇ္ဈိမ )
05 June 2023
ပဲခူးရိုးမကို စစ်ကောင်စီ စစ်ကြောင်းထိုး၊စစ်ရေးတင်းမာနေ

ပဲခူးတိုင်း၊ပေါင်းတည်နှင့် ရေတာရှည်မြို့နယ်အတွင်း ပဲခူးရိုးမနှင့် ထိစပ်နေသော နေရာအချို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားနေသည်ဟု  သတင်းရရှိသည်။

ပေါင်းတည်နှင့် ရေတာရှည်မြို့နယ်အတွင်း ဇွန်လ ၃ ရက်နေ့ နံနက်မှ ညအထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့ ဇွန်လ ၅ရက်အထိလည်း စစ်ရေးတင်းမာနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

ပေါင်းတည်မြို့နယ်နှင့် ထိစပ်နေသော  ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို  ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ PPDF) မှ ဇွန်လ၃ရက်နေ့ နံနက်၇နာရီခန့်တွင်  တိုက်ခိုက်ခဲ့သည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲသတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။

"ကျွန်တော်တို့ဘက်က အလစ်အငိုက်ပစ်တာပါ။ သူတို့ဘက်က လက်နက်ကြီးနဲ့ ၁၀ ချက်ထက်မနည်းပြန်ပစ်တယ်။ စက်ကလေးနဲ့ဆွဲတယ်။ ကျွန်တော်တို့ဘက်တော့ အထိအခိုက်မရှိပါဘူး" ဟု PPDFမှ  တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ထိုတိုက်ခိုက်မှုတွင်  စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။  ရုပ်အလောင်းနှင့် ဒဏ်ရာရသူကို စစ်ကောင်စီတပ်က စောင်ပုခက်ဖြင့် ထမ်းသယ်သွားကြောင်း PPDF တာဝန်ရှိသူကပြောသည်။

ထို့အပြင် ပဲခူးတိုင်းအရှေ့ခြမ်း၊ရေတာရှည်မြို့နယ်တွင်လည်း အင်အား ၇၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့်  တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၆)သည်  ဇွန်လ ၃ ရက်နေ့ ညနေ ၃ နာရီခန့်က တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့သည်ဟု သိရသည်။

ရေတာရှည်မြို့နယ်၊  ဆယ်တောကျေးရွာအနီးတွင် ၂နာရီခန့်ကြာသည်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးခဲ့သည်ဟု သတင်းရရှိသည်။တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုရှိခဲ့သော်လည်း အသေးစိတ်ကိုမူ ဆက်လက်အတည်ပြုနေဆဲဖြစ်ကြောင်း ပဲခူးတိုင်း စစ်ဒေသခွဲက ဖော်ပြထားသည်။ ထိုနေ့ ည ၁၀ နာရီခန့်ကလည်း ခလရ-၈၄(ဆွာ)မှ ‌၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာ ဒေါင့်အင်းကုန်းကျေးရွာအုပ်စု၊ ဂွေးသဲကျေးရွာအတွင်းရှိ နေအိမ်သုံးလုံးကို ထိမှန်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူသုံးဦး ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲသတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပဲခူးရိုးမအတွင်းအခြေချထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား တိုက်ခိုက်ရန်အတွက်  ပဲခူးရိုးမ၏ အရှေ့ခြမ်းရော အနောက်ခြမ်းမှပါ စစ်ကြောင်းထိုးနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။ ထို့ကြောင့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ပဲခူးရိုးမအရှေ့ခြမ်းရော အနောက်ခြမ်းတွင်ပါတိုက်ပွဲများ ဖြစ်ပွားနေသည်။ပဲခူးတိုင်းအတွင်း တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်၍ ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးသတိဖြင့် နေထိုင်ကြရန် ပဲခူးတိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုအတောအတွင်း စစ်ကောင်စီ၏ တောင်ငူမြို့အခြေစိုက်လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီးရဲနိုင်ကို မေလ ၃၁ ရက်နေ့ ညနေတွင် ရန်ကုန်-နေပြည်တော် အမြန်လမ်းတနေရာ၌  ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားခဲ့သည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပဲခူးတိုင်းရှေ့တန်းစစ်မျက်နှာတနေရာသို့ ရောက်ရှိလာက ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly