ရေးမြို့နယ်က ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းကို ရေးဘီလူးအဖွဲ့က ပစ်ခတ်၍ သေဆုံး

By ဂျူချန်း (မဇ္ဈိမ)
03 June 2023
ရေးမြို့နယ်က ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းကို ရေးဘီလူးအဖွဲ့က ပစ်ခတ်၍ သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာရှိ ဦးပန်းရွှေဆိုသူသည် ဇွန်လ ၂ ရက်နေ့ ညနေ ၇နာရီ ၄၅မိနစ်ခန့်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

"စစ်မှုထမ်းဟောင်းပါ။ သတင်းပေးတာ၊ ခြိမ်းခြောက်တာတွေရှိတယ်။ ဘိလိယက်ခုံကအထွက် စောင့်ပစ်တာပါ" ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။

ချောင်းတောင်ကျေးရွာ၊ ဘိလိယက်ခုံမှ အပြန်တွင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဦးပန်းရွှေထံမှ ပစ်စတိုသေနတ် တစ်လက်နှင့် ကျည် ၁၄ ထောင့် သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့က ချောင်းတောင်ရွာထဲ၌ လမ်းပိတ်ကာ လမ်းသွားလမ်းလာများအား စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရေးဘီလူးအဖွဲ့သည် စစ်ကောင်စီဒေါက်တိုင်များအား မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိရာ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် ရေးမြို့နယ်အဝင် စစ်ကောင်စီ၏ ခမရ(၅၈၆) တပ်အနီးရှိ စစ်ဆေးရေးဂိတ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဆေးရေးဂိတ်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၇ ရက်နေ့တွင်လည်း ရေးမြို့မရဲစခန်းအား ရေးဘီလူးအဖွဲ့က ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော် (သန်လျင်)

#မွန်ပြည်နယ်

#ရေးမြို့နယ်

#ပစ်ခတ်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly