မြန်မာတွင် စားနပ်ရိက္ခာ အကျပ်အတည်းကြီး ကြုံရနိုင်ဟု ကုလသမဂ္ဂ သတိပေး

မြန်မာတွင် စားနပ်ရိက္ခာ အကျပ်အတည်းကြီး ကြုံရနိုင်ဟု ကုလသမဂ္ဂ သတိပေး

မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့်သည့် ဒေသများသို့ အကူအညီများ အလွန်နည်းပါးစွာပဲ ရောက်သေးပြီး လယ်သမားများမှ ကောက်ပဲသီးနှံများ စိုက်ပျိုးနိုင်ခြင်း မရှိသောကြောင့် မကြာမီ စားနပ်ရိက္ခာ အကျပ်အတည်းကြီး ကြုံရနိုင်ကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် သတိပေးသည်။

ပြီးခဲ့သည့်လက အနောက်ပိုင်း ရခိုင်ပြည်နယ်နှင့် အနီးနားဒေသများသို့ မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီး လူရာချီ သေဆုံးကာ အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးခဲ့သည်။

“ပျက်စီးဆုံးရှုံးမှုဟာ တကယ်ပဲ ကြီးမားလွန်းတယ်”ဟု မြန်မာနိုင်ငံ၏ အကြီးဆုံး ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ကိုယ်စားလှယ် တီတန် မီထရာက ပြောသည်။ လေပြင်းမုန်တိုင်းကြောင့် ‘ဆက်သွယ်ရေးတာဝါတိုင်များ၊ ဓာတ်တိုင်များနှင့် နှစ် ၁၀၀ ရှိ သစ်ပင်များ ပြိုလဲရကြောင်း” ၎င်းက ဆိုသည်။

ပျက်စီးသည့် အိမ်ခြေပေါင်းမှာ ၇၀၀,၀၀၀ နီးပါး ရှိပြီး လေပြင်းတိုက်ခြင်းနှင့်အတူ မိုးသည်းထန်ခြင်းကြောင့် စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းကဏ္ဍတွင် အကြီးအကျယ် ကသောင်းကနင်း ဖြစ်ကြောင်း ကုလသမဂ္ဂအရ သိရသည်။

အပြင်းထန်ဆုံး သက်ရောက်မှုတွင် မြန်မာလုံခြုံရေးတပ်များ၏ ဖြိုခွင်းမှုကြောင့် ၂၀၁၇ အတွင်းက နေအိမ်များ ဆုံးရှုံး၍ ရွှေ့ပြောင်းစခန်းများတွင် နေထိုင်နေရသည့် လူနည်းစုရိုဟင်ဂျာများလည်း ပါဝင်သည်။

အညစ်အကြေးပါဝင်သော ရေကြောင့် ဝမ်းကိုက်ရောဂါကဲ့သို့ ရောဂါများ ဖြစ်ပွားပေါ်ပေါက်လာမည်ကို ကုလသမဂ္ဂက စိုးရိမ်လျက်လည်း ရှိသည်။

မြန်မာစစ်ကောင်စီက အကူအညီအချို့ ပေးပို့နေသော်လည်း လိုအပ်ချက်က ကြီးမားသည်ဟု ကမ္ဘာ့အဖွဲ့အစည်း ကုလသမဂ္ဂက ဆိုသည်။

“ဒဏ်သင့်တဲ့ အသိုင်းအဝိုင်းဆီ ကူညီခွင့်ရရေး နိုင်ငံတကာ အသိုင်းအဝန်းကို ခွင့်ပေးရမှာ ဖြစ်တယ်၊ ဒီမှာက အားချင်း လိုအပ်နေတယ်၊ ကိုယ်ဘာသာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်တာနဲ့ မလုံလောက်ဘူး”ဟု မီထရာက ပြောသည်။

ချက်ချင်း လိုအပ်ချက်များအပြင် လယ်သမားနှင့် ငါးလုပ်ငန်းရှင်များ ဈေးကွက်များသို့ သွားရောက်သည့် လမ်းပိုင်းတံတားများ ပျက်စီးခြင်းနှင့် မျိုးစေ့သိုလှောင်မှု ဆုံးရှုံးခြင်းများကြောင့် ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ် မြင့်တက်လျက် ရှိသည်ဟုလည်း ၎င်းက ပြောခဲ့သည်။

“ချက်ချင်းပဲဖြစ်ဖြစ်၊ လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ ဖြစ်ဖြစ် စိုက်ပျိုးရေး မလုပ်ဆောင်နိုင်ဘူးဆိုရင်တော့ လာမယ့် လအနည်းငယ်မှာ စားနပ်ရိက္ခာ အကျပ်အတည်းကြီး ဖြစ်ပွားလာမှာကို မြင်တွေ့ရမှာ ဖြစ်တယ်”ဟု ဂျီနီဗာတွင် ကုလသမဂ္ဂ၏ သတင်းစာရှင်းလင်းပွဲ၌ မီထရာက သတင်းထောက်များအား ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly