NUG နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာ၌ ‘ပြည်သူများ၏ ဆန္ဒ’ ကို နိုလင်းဟေဇာ ဦးတည်ချက် ထား

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာ၌ ‘ပြည်သူများ၏ ဆန္ဒ’ ကို နိုလင်းဟေဇာ ဦးတည်ချက် ထား

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် နိုလင်းဟေဇာတို့ ပြီးခဲ့သည့်ရက်က တွေ့ဆုံခဲ့ကြောင်း ကုလသမဂ္ဂ၏ ဇွန် ၃ ရက် ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြန်မာပြည်သူများ၏ ဆန္ဒနှင့် လိုအပ်ချက်များကို နိုလင်းဟေဇာက အမြဲမပြတ် ဦးတည်ချက်ထားခဲ့ကာ ၂၀၂၁ ဒီဇင်ဘာလအတွင်း တာဝန်ထမ်းဆောင်ချိန်မှစကာ NUG ခေါင်းဆောင်များနှင့် ပုံမှန်တွေ့ဆုံမှု ရှိခဲ့ပြီး ၂၀၂၂ ဩဂုတ်လအတွင်းကလည်း နေပြည်တော်သို့ လာရောက်ခဲ့သည်။

မြန်မာအရေးတွင် ကုလသမဂ္ဂ အထူးသံတမန်၏ မမောမပန်းနိုင် ကြိုးပမ်းမှုများကို ကျေးဇူးတင်ရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုသည်။ အထူးသဖြင့် ပြဿနာ ဖြေရှင်းရေးနှင့် ပြည်သူများ၏ အသံကို ရှေ့ရှုပြီး အခက်အခဲဆုံး ကာလတွင် နည်းလမ်းသစ်များဖြင့် ချည်းကပ်ခဲ့မှုဖြင့် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။

စိန်ခေါ်မှု အခြေအနေများနှင့် ပတ်သက်ကာ မြန်မာ့အရေးသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ စုပေါင်း ထောက်မမှု မပါဘဲ မအောင်မြင်နိုင်ကြောင်း ဒေါ်ဇင်မာအောင်က အလေးထား ပြောဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် ထင်ရာစိုင်း ဖမ်းဆီးထားသူအားလုံးအား ချက်ချင်းပြန်လွှတ်ရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ တောင်းဆိုချက်အပေါ် ဆက်လက်ဖော်ဆောင်သွားမည်ဟု တွေ့ဆုံမှုအတွင်း အထူးသံတမန် နိုလင်းဟေဇာက အလေးအနက်ထား ပြောသည်။

ထိုပြင် NLD အပါအဝင် အတိုက်အခံ ပါတီများအား ပယ်ဖျက်ခြင်းကဲ့သို့ ဒီမိုကရေစီ အသင်းအပင်းနှင့် လုပ်ငန်းစဉ်များကို ထိပါးသည့် မြန်မာစစ်တပ်၏ လုပ်ဆောင်နေဆဲ ကြိုးပမ်းမှုများနှင့် ပတ်သက်ပြီးလည်း ၎င်းက သတိပေး ပြောဆိုသည်။ စစ်တပ် အဆိုပြုထားသော ရွေးကောက်ပွဲများသည် နိုင်ငံရေး ဆွေးနွေးမှုများနှင့် ပြည်သူများ၏ လွတ်လပ်စွာ ဖော်ပြမှုများ မရှိခြင်းအားဖြင့် အကြမ်းဖက်မှုများကို ပို၍ ဆိုးဝါးစေနိုင်သည်ဟုလည်း သတိပေးပြောဆိုသည်။

နိုင်ငံတကာအနေဖြင့် ပဋိပက္ခ ဒဏ်သင့် ဧရိယာများမှ ပြည်သူများ အထူးသဖြင့် အမျိုးသမီးနှင့် လူငယ်များ၏ အခြေအနေများကို အာရုံစိုက်ရှေ့ရှုသင့်သည်ဟုလည်း ၎င်းက တိုက်တွန်းခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.mizzima.com/article/un-special-envoy-heyzer-focuses-will-peo...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly