တရုတ်အစိုးရ၏ တီယန်နန်မင် အကြမ်းဖက်ဖြိုခွင်းမှု နှစ်ပတ်လည် မတိုင်မီ နယူးယောက်မြို့တွင် အထိမ်းအမှတ် ပြတိုက် ဖွင့်လှစ်

တရုတ်အစိုးရ၏ တီယန်နန်မင် အကြမ်းဖက်ဖြိုခွင်းမှု နှစ်ပတ်လည် မတိုင်မီ နယူးယောက်မြို့တွင် အထိမ်းအမှတ် ပြတိုက် ဖွင့်လှစ်

တရုတ်အစိုးရက ဆန္ဒပြကျောင်းသားများကို ၁၉၈၉ ခုနှစ်က ပေကျင်းမြို့ တီယန်နန်မင် ရင်ပြင်၌ အကြမ်းဖက် ဖြိုခွင်းခဲ့သည့် ၃၄ နှစ်ပြည့် နှစ်ပတ်လည်မတိုင်မီ အထိမ်းအမှတ်ပြတိုက်ကို နယူးယောက်မြို့တွင် ဇွန် ၂ ရက်က ဖွင့်လှစ်လိုက်သည်။

 ‘ဇွန် ၄ ရက် အမှတ်တရပြတိုက်တည်ဆောက်ရေးအတွက် စည်းရုံးလှုပ်ရှားမှုကို ယမန်နှစ် ဇန်နဝါရီလက စတင်ခဲ့သည်။ တရုတ်အစိုးရက ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် နိုင်ငံတော်လုံခြုံရေးဥပဒေကို ပြဌာန်းကာ ဟောင်ကောင်ရှိ အလားတူပြတိုက်ကို ပိတ်ပစ်ပြီးနောက် ယခုကဲ့သို့ စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

‌ဟောင်ကောင်ရှိ ပြတိုက်ကို အာဏာပိုင်များက ၂၀၂၁ ခုနှစ် စက်တင်ဘာလ၌ စီးနင်းဝင်ရောက်ကာ ပြသထားသည့် ပစ္စည်းများနှင့် ပြပွဲစီစဉ်သူများ၏ ပိုင်ဆိုင်မှု စုစုပေါင်း ဟောင်ကောင်ဒေါ်လာ ၂ ဒသမ၂ သန်း (အမေရိကန်ဒေါ်လာ ၂၈၀ ၀၀၀) ကို သိမ်းယူခဲ့သည်။

‌နယူးယောက်မြို့ မန်ဟန်တန်ရက်ကွက်တွင် ဖွင့်လှစ်သည့် ပြတိုက်၌ ဟောင်ကောင်ပြတိုက်မှ ပစ္စည်းများကို ပြသခြင်းမဟုတ်ဘဲ ကျောင်းသားအချို့ လက်မှတ်ရေးထိုးထားသည့် တီရှပ်တစ်ထည်အပါအဝင် တီယန်နန်မင် ဆန္ဒပြသူများ၏ တဲများနှင့် ဆန္ဒပြပွဲတွင် သေဆုံးခဲ့သည့် သတင်းထောက်တစ်ဦးဝတ်ဆင်ခဲ့သော သွေးစွန်းတီရှပ်တစ်ထည်လည်း ပြသခဲ့သည်။

‌“ဟောင်ကောင်ပြတိုက်တုန်းက ပစ္စည်းတွေကို ရမယ်ဆိုရင် နောင်တစ်ချိန်မှာ ထည့်သွင်းပြသဖို့ ရည်ရွယ်ထားပါတယ်ဟု Human Rights in China အဖွဲ့၏ အသက် ၅၅နှစ်အရွယ်  အမှုဆောင်ဒါရိုက်တာ ဖန်စူကျိုးက ပြောကြားသည်။ ယခုဖွင့်လှစ်မည့် ပြခန်းတွင် သူက ပြသမည့် ပစ္စည်းအများစုကို ထည့်ဝင်ထားသူ ဖြစ်သည်။

‌သတင်းစာဖိုင်တွဲ သုံးသေတ္တာနှင့် အခြားတီယန်နန်မင် အမှတ်တရပစ္စည်းများကို ဟောင်ကောင်ဒေသခံ တစ်ဦးက ပါဝင်ကူညီခဲ့ကြောင်း ကျိုးက ပြောကြားသည်။

တီယန်နန်မင် အရေးအခင်းတွင် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ယခုအခါတွင် အမေရိကန်၌ ရောက်ရှိနေသည့် ဝမ်ဒန်းက ပြခန်းအစီအစဉ်အား ကြေညာပြီးနောက် ၈ လ မပြည့်ခင်အချိန်အတွင်း ဒေါ်လာ ၅သိန်းကျော် ရန်ပုံငွေရှာဖွေနိုင်ခဲ့ကြောင်းနှင့် ယင်းငွေကြေးသည် ပြခန်း ၂ နှစ် ဖွင့်လှစ်ရန် လုံလောက်ကြောင်း ပြောကြားသည်။

‌“ဒါက သမိုင်းကို ထိန်းသိမ်းဖို့၊ ဆန္ဒပြခဲ့သူတွေကို အမှတ်တရ ဖြစ်စေဖို့နဲ့ တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင် ကန့်ကွက်ဖို့အတွက် ဖြစ်ပါတယ်ဟု ဝမ်က ပြောကြားသည်။

လာမည့်ရက်အနည်းငယ်အတွင်း (ဇွန် ၄ ရက်ကို သွယ်ဝိုက်ပြောဆိုကာ) အထူးကာလအတွင်း၌ ဟောင်ကောင် လွတ်လပ်ရေးကို တောင်းဆိုခြင်း၊ ဆူပူလှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ဖြင့် နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်အောင် မလုပ်ဆောင်ကြရန် ဟောင်ကောင် လုံခြုံရေးအကြီးအကဲက ယခုသီတင်းပတ်အတွင်း သတိပေးထားသည်။

ယခုပြခန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ဝါရှင်တန်ရှိ တရုတ်သံရုံးမှ မှတ်ချက်တစ်စုံတစ်ရာ ပေးထားခြင်း မရှိပေ။

 

New Tiananmen museum opens

in New York ahead of

June 4 anniversary

 

https://www.reuters.com/world/us/new-tiananmen-museum-opens-new-york-ahe...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly