မတ္တရာတွင် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး မိုင်းပေါက်ကွဲမှုကြောင့်သေဆုံး၊ စစ်တပ်ထောင်သည့်မိုင်းဟု ဒေသခံများပြော၊ pdf ထောင်သည့်မိုင်းဟု စစ်တပ်လော်ဘီများကဆို

By 007 (မဇ္စျိမ)
02 June 2023
မတ္တရာတွင် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး မိုင်းပေါက်ကွဲမှုကြောင့်သေဆုံး၊ စစ်တပ်ထောင်သည့်မိုင်းဟု ဒေသခံများပြော၊ pdf ထောင်သည့်မိုင်းဟု စစ်တပ်လော်ဘီများကဆို

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၁ ရက် နေ့လယ် ၂ နာရီခန့်က လမ်းဘေးထောင်ထားသည့် မိုင်း ပေါက်ကွဲမှုကြောင် အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။ 

မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာနေ ထိုလူငယ်သည် အိမ်၏ ခိုင်းစေချက်ကြောင့် လယ်ယာသုံးပိုးသတ်ဆေး၀ယ်ရန် ဆိုင်ကယ်ဖြင့် အိမ်မှ ထွက်လာစဥ် ကုန်းတန်းလေးကျေးရွာအ၀င် လမ်းဘေး နှစ်ပေခန့်အကွာ၌ ထောင်ထားသည့် မိုင်းပေါက်ကွဲရာမှ ရင်ဘတ် မိုင်းဖောက်၀င် ဒဏ်ရာ တစ်ချက်ဖြင့် နေရာတွင်ပင် သေဆုံးသွားခြင်းဖြစ်သည်။ 

“ ကောင်လေးက သူ့အိမ်က ပစ္စည်းအ၀ယ်ခိုင်းလို့ထွက်လာတာ၊ ကုန်းတန်းလေးရွာထိပ်အရောက်မှာ၊ ပေါက်ကွဲမှုဖြစ်တာကနေ မိုင်းစတွေမှန်ပြီး သေတာ”  ဟု ဒေသခံတစ်ဦးကပြောသည်။
 
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ PDF လက်ချက်ဖြစ်ကြောင်း စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များက ဖော်ပြကြပြီး ဒေသခံများကမူ ဒေသတွင်း တပ်စခန်းချထားသော စစ်ကောင်စီစစ်ကြောင်း၏ လက်ချက်ဖြစ်ကြောင်း ပြောသည်။ 

“  ဒီဘက်ရွာတွေမှာက ရွာတိုင်းနီးပါး စကစတပ်တွေ အထိုင်ချထားတယ်။  ဘယ် PDF မှ အနားကပ်မရဘူး။  PDF က ပြောက်ကျားစနစ်နဲ့ပဲ တိုက်နေတာ”  ဟု ဒေသခံတစ်ဦးက ပြောသည်။ 

မန္တလေးမြို့နှင့် ခုနစ်မိုင်ခန့်သာ ကွာဝေးသည့် မတ္တရာမြို့နယ် အနောက်တောင်ဘက်ရှိ သုံးဆယ်ပေးကျေးရွာတွင် မေလ ၄ ရက်နေ့က  ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မေလ ၅ ရက်စ၍ သုံးဆယ်ပေးကျေးရွာနှင့် အနီး၀န်းကျင်တွင် စစ်ကောင်စီတပ်များက အထိုင်စခန်းချခဲ့သည်။

မတ္တရာမြို့နယ် အနီး၀န်းကျင် ကျေးရွာများတွင် တပ်စွဲအထိုင်ချထားသော စစ်ကောင်စီစစ်ကြောင်းများသည် မန္တလေး-မတ္တရာကားလမ်းပိုင်း တစ်လျှောက် ကျေးရွာများအား အလျဉ်းသင့်သလိုစစ်ကြောင်းထိုး၀င်နေကြောင်း၊ ၎င်းတို့ စစ်ကြောင်းထိုးလာသည့်အခါတိုင်း ဒေသခံများအားဖမ်းဆီးကာ လမ်းပြခိုင်းခြင်း၊ မိုင်းရှာခိုင်းခြင်းတို့ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly