လောင်းလုံးတွင် ဗိုလ်မှူးကြီး ဗထူး ကျဆုံးခြင်း (၇၈) နှစ်မြောက် အထိမ်းအမှတ် ‘ဗထူးနေ့’ အခမ်းအနားပြုလုပ်

By ကိုရွှေမြိတ်  မဲဆောက် (မဇ္ဈိမ)
02 June 2023
လောင်းလုံးတွင် ဗိုလ်မှူးကြီး ဗထူး ကျဆုံးခြင်း (၇၈) နှစ်မြောက် အထိမ်းအမှတ် ‘ဗထူးနေ့’ အခမ်းအနားပြုလုပ်

တနင်္သာရီတိုင်း၊  ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ် ကော်မတီ (DDMSC) က ဦးဆောင်၍ ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၇၈) နှစ်မြောက် ‘ဗထူးနေ့’ အခမ်းအနားကို ဗိုလ်မှူးကြီး ဗထူး မွေးရပ် ဇာတိဖြစ်သည့် လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာရှိ ဗထူးပန်းခြံ၌ ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံက သိရ သည်။

အဆိုပါ အခမ်းအနားတွင် သမဂ္ဂခွပ်ဒေါင်း အလံတော်အား အလေးပြုခြင်း၊ ဗိုလ်မှူးကြီး ဗထူးနှင့် တကွ ကျဆုံးသွားခဲ့ကြသော လွတ်လပ်ရေး သူရဲကောင်းများနှင့် ဒီမိုကရေစီ သူရဲကောင်းများအား အလေးပြုခြင်း၊ ဗိုလ်မှူးကြီး ဗထူးအား အောက်မေ့ ဂုဏ်ပြုသည့် အနေဖြင့် လွမ်းသူ ပန်းခွေချ ဂါရဝပြုခြင်း၊ တော်လှန်ရေး အင်အားစုများမှ ပေးပို့လာသည့် သဝဏ်လွှာများအား ဖတ်ကြားခြင်း အပါအဝင် တော်လှန်ရေးကဗျာများကို ရွတ်ဖတ်ခြင်း စသည့် အစီအစဉ်များဖြင့် ပြုလုပ်ခဲ့သည်ဟု ဦးဆောင်သူများထံက သိရ သည်။

အခမ်းအနားသို့ လောင်းလုံးမြို့နယ် အတွင်းရှိ တော်လှန်ရေး အင်အားစုများ၊ အခြေခံပညာ ကျောင်းသားများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူ အများအပြား ‌တက်ရောက်လာကြပြီး ဗိုလ်မှူးကြီး ဗထူးအား အောက်မေ့ လွမ်းဆွတ်သည့် အနေဖြင့် လွမ်းသူ ပန်းခွေချ ဂါရဝပြုခဲ့ကြသည့် အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများလည်း ကြွေးကြော်ခဲ့ကြသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly