ANP အမတ်များ ဝန်ကြီနေရာ လက်ခံပါက သိန်း ၅၀၀ လျော်ရမည်

ANP အမတ်များ ဝန်ကြီနေရာ လက်ခံပါက သိန်း ၅၀၀ လျော်ရမည်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ ရုံးချုပ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ကျော်မင်း)

စစ်တွေ၊ မတ် ၂၉ ရက် ။            ။ မကြာမီ ရက်ပိုင်းအတွင်း အသစ်ပြန်လည် ဖွဲ့စည်းမည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးနေရာများကို လက်ခံမည်ဆိုပါက ပါတီမှ ထုတ်ပယ်ခြင်း ခံရမည် ဖြစ်သလို၊ ဒဏ်ငွေ ကျပ်သိန်း ၅၀၀ ကိုလည်း ပေးလျော်ရမည်ဟု ရခိုင်အမျိုးသားပါတီမှ ၎င်း၏ လွှတ်တော်ကိုယ်စားလှယ်များကို ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။

“ပါတီကိုယ်စားလှယ်တွေအနေနဲ့ ဗဟိုဌာနချူပ်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဝန်ကြီးနေရာ လက်ခံမယ်ဆိုရင် ANP ရဲ့ ကိုယ်စားလှယ် ဘယ်သူကိုမဆို ကျူးလွန်ရင် အရေးယူမှာပါ။” ဟု ရခိုင်အမျိုးသားပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက ပြောသည်။

ယခုလို ရခိုင်အမျိုးသားပါတီ၏ တင်းကြပ်သော စည်းကမ်းထုတ်ပြန်ချက်ကို မတ်လ ၂၇ ရက် ည ၆ နာရီတွင် ပြုလုပ်ခဲ့သော ANP ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တို့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ရခိုင်အမျိုးသားပါတီမှ ဇန်နဝါရီ ၁၉ ရက်စွဲနှင့် ၁/၂၀၁၆ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်ရရန် တောင်းဆိုထားသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်မှ တစုံတရာ တုံ့ပြန်မှုမရှိဘဲ မတ်လ ၂၈ ရက်တွင် NLD ကိုယ်စားလှယ် ဦးညီပုကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။

ယင်းနောက်တွင် ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်များမှ မတ်လ ၂၈ ရက်က ပြုလုပ်ခဲ့သော လွှတ်တော်အစည်းအဝေးတွင် အနက်ရောင်စတစ်ကာ ကမ်ပိန်းလှုပ်ရှားမှုများ ပြုလုပ်ခဲ့ခြင်း၊ ဝန်ကြီးချုပ်အမည် တင်သွင်းချိန်တွင် လွှတ်တော်ခန်းမဆောင်မှ ထွက်ခွာခဲ့ခြင်း၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ရခိုင်အမျိုးသားပါတီမှ ယခုလို ဆောင်ရွက်ချက်များကြောင့် ANP နှင့် NLD ကြား ပိုမို တင်းမာသော ဆက်ဆံရေးအနေထားသို့ ရောက်ရှိလာပြီး ယင်းလုပ်ရပ်များအပေါ် ဦးညီပုက လွှတ်တော်၏ ဂုဏ်သိက္ခာ ထိခိုက်ရန် နောက်ထပ် မည်သည့်ကိစ္စမှ မဖြစ်ပွားစေလိုကြောင်းလည်း မတ်လ ၂၈ ရက်က မဇ္ဈိမကို ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် ANP မှ ပြည်နယ်လွှတ်တော် ဥက္ကဌ နှင့် ဒုဥက္ကဌ နေရာများကို ရရှိထားပြီး ကိုယ်စားလှယ် ၂၃ ဦးထိ အနိုင်ရရှိထားသော်လည်း အစိုးရဖွဲ့စည်းရေး ကိစ္စရပ်များတွင် ပူးပေါင်း ပါဝင်ခြင်း မပြုရန် ပါတီမှ တင်းကြပ်စွာ စည်းကမ်းထုတ်ပြန်ထားသလို ပါတီ၏ ကြေညာချက်နှင့် လုပ်ရပ်များအပေါ်တွင်လည်း ရခိုင်လူထုမှ ထောက်ခံကြောင်း စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တောနှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင် ဆန္ဒဖော်ထုတ်မှု၊ ပိုစတာကမ်ပိန်းများ ပြလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly