ရခိုင်တွင် ကူညီကယ်ဆယ်ရေးပစ္စည်းများကို ထွေအုပ်ဝန်ထမ်းတချို့ ရောင်းစားမှု ရှိနေ

By ဖိုးလပြည့် (MMTI)
01 June 2023
ရခိုင်တွင် ကူညီကယ်ဆယ်ရေးပစ္စည်းများကို ထွေအုပ်ဝန်ထမ်းတချို့ ရောင်းစားမှု ရှိနေ

ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းသင့် မြို့နယ်များတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းက ထောက်ပံ့ပေးသော  ကူညီကယ်ဆယ်ရေးပစ္စည်းများကို တချို့သောထွေအုပ်ဝန်ထမ်းများက ရောင်းစားနေမှုများ ရှိကြောင်း သိရသည်။

"ထွေအုပ်ကပေးတဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို ထွေအုပ်ဝန်ထမ်းတွေက ရောင်းစားနေကြတာပါ။ ပြီးတော့ ပုံမှန်စျေးလည်း (ပိုစျေးတင်ပြီးတော့ ရောင်း) မဟုတ်ပါဘူး" ဟု ဝယ်ယူခဲ့ရသည့် စစ်တွေမြို့နယ်မှ မုန်တိုင်းသင့်ပြည်သူ အမျိုးသမီးတစ်ဦးက Mizzima သို့ ပြောသည်။ 

မြို့နယ်အသီးသီးရှိ ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးအသုံးအဆောင်ပစ္စည်းများကို ပေးပို့ထားပြီးဖြစ်သော်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၏ အိမ်များတွင်သာ သိမ်းဆည်းထားပြီး ဝေမျှမှုအားနည်းနေဆဲဖြစ်သည်။ “ပစ္စည်းတွေကို သူတို့ အိမ်တွေမှာ ထားတယ်။ ပေးတာတွေ ရှိပေမဲ့ များများလိုချင်ရင် ပိုက်ဆံပေးနေရတာတွေလည်း ရှိတယ်” ဟု ကျောက်တော်မြို့နယ်ရှိ မုန်တိုင်းသင့်ကျေးရွာတစ်ရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ကုန်စျေးနှုန်းအဆမတန် မြှင့်တင်ရောင်းချသူ ၁၄ ဦးခန့် အား ရခိုင်အမျိုးသားအဖွဲ့ချုပ်နှင့် ရက္ခိုင့်တပ်တော် ULA/AA က ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ သို့သော်  ယနေ့အချိန်ထိ ကုန်စျေးနှုန်းများ ထိထိရောက်ရောက်ကျဆင်းသွားခြင်းမရှိဘဲ ကုန်စျေးမြှင့်တင်ကာဆက်လက်ရောင်းချနေသည့် စျေးသည်များရှိသေးသည်ဟု ဒေသခံအချို့က ဆိုသည်။

"ကျနော်တို့ဆို တာလာဘတ် ၁ ကိုက်ကို ၂၇၀၀ ကျပ်နဲ့ ဝယ်ယူခဲ့ရတာ ရှိသေးတယ်။ မုန်တိုင်းမတိုက်ခတ်ခင် ၁၈၀၀ ကျပ်နဲ့ ရောင်းချခဲ့တဲ့ sizeပဲ" ဟု စစ်တွေမြို့တွင်းနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးရှုံးဆုံးမှု များပြားနေသော်လည်း ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်င်ငံတကာ NGO များနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့များအား စစ်ကောင်စီမှ ကန့်သတ်တားမြစ်ထားဆဲဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က စစ်တွေမှ ပုဏ္ဏားကျွန်းမြို့နယ်သို့ ကူညီကယ်ဆယ်ရေးသွားသည့် ဝေဟင်အောင်ပရဟိတအဖွဲ့မှ စာရေးဆရာဝေဟင်အောင်၊ သူ၏သမီးနှင့် အခြားအဖွဲ့ဝင် (၃) ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly