မြစ်ကြီးနားမြို့တွင် ၄၄ နှစ်အတွင်း နေ့အပူချိန် စံချိန်သစ်တင်

By အဂမ် (မဇ္ဈိမ)
01 June 2023
မြစ်ကြီးနားမြို့တွင် ၄၄ နှစ်အတွင်း နေ့အပူချိန် စံချိန်သစ်တင်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်  မေလ ၃၁ ရက်နေ့က နှစ်ပေါင်း ၄၄ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် နေ့အပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနရုံးမှ အချက်အလက်များအရ သိရသည်။

မေလ ၃၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် တိုင်းတာချက်အရ မြစ်ကြီးနားမြို့၏ အမြင့်ဆုံးအပူချိန်မှာ ၄၁ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ဖြစ်ကြောင်း ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒရုံးမှ မြစ်ကြီးနားမြို့နယ် ဦးစီး အရာရှိ ဦးနိုင်လင်းထွေးကပြောကြားသည်။

“မြစ်ကြီးနားမြို့ရဲ့ နှစ်စဉ်မေလအတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၄၄ နှစ် ၁၉၇၉ ခုနှစ် မေလရဲ့ အမြင့်ဆုံးအပူချိန် ၄၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက် ၀ ဒသမ ၃ ပိုခဲ့ပြီး စံချိန်သစ်တင် ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သော မေလ ၂၉ ရက်နေ့က အမြင့်ဆုံးအပူချိန် ၄၀ ဒသမ ၂  ဒီဂရီစင်တီဂရိတ်၊ မေလ ၃၀ ရက်နေ့တွင် အမြင်ဆုံးအပူချိန် ၄၀ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်နှင့် မေလ ၃၁ ရက်နေ့တွင် ၄၁ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်ရှိခဲ့ကြောင်း ကချင်ပြည်နယ် မိုးဇလရုံးမှအချက်အလက်များအရ သိရသည်။

၁၉၇၉ ခုနှစ်က မြစ်ကြီးနားမြို့တွင် အပူချိန်မြင့်တက်ခဲ့သလို မိုးရာသီတွင်လည်း တမြို့လုံးနီးပါး ဧရာဝတီ မြစ်ရေလွှမ်းမိုးခဲ့ကြောင်း မြို့ခံများကပြောကြားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly