သံတောင်မြို့တွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၂ ပွင့်အရာရှိတစ်ဦး အပါအဝင် ၁၃ ဦး သေဆုံး

By YT (မဇ္ဈိမ)
31 May 2023
သံတောင်မြို့တွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၂ ပွင့်အရာရှိတစ်ဦး အပါအဝင် ၁၃ ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်မြို့ ၁၃ မိုင်သို့ ကင်းလှည့်လာသော စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ပွင့်အရာရှိတစ်ဦး အပါအဝင် ၁၃ ဦး သေဆုံးကြောင်း၊ ၎င်းတို့ဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း People Defense Force- ThanDaung က လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့၊ ညနေ ၅နာရီကျော်တွင် စစ်ကောင်စီတပ်သားများအား KNLA ပါဝင်သော တော်လှန်ရေးအင်အားစုများက သံတောင်မြို့ သင်္ချိုင်းကုန်းမှ စောင့်၍ မိုင်းနှစ်လုံးဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

" စစ်ကောင်စီလှည့်ကင်း ရောက်လာတော့ မိုင်းနှစ်လုံးဆွဲလိုက်တာ စစ်ကောင်စီတပ်သားတွေ သေတော့သေကြတယ်။ သင်္ချိုင်းကုန်းကနေ အလောင်းတွေ၊ ဒဏ်ရာရထားတဲ့စစ်သားတွေကို ၁၃ မိုင် တပ်စခန်းထဲ သယ်ပို့ကြတာရှိတယ်" ဟု တပ်မဟာ (၂) KNU သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်တွင် အထိအခိုက်၊ သေဆုံးမှုများ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရထားသူများအား သံတောင်မြို့ ၁၃ မိုင်ရှိ စစ်ကောင်စီတပ်စခန်းအတွင်းသို့ ပြန်လည်သယ်ယူသွားကြကြောင်း ၎င်းက ဆိုသည်။

ထိုမိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် သံတောင်မြို့ ၁၃ မိုင်ရှိ စစ်ကောင်စီတပ်၊ သံတောင်ရဲစခန်းတို့မှ လက်နက်ကြီးများဖြင့် သံတောင်မြို့ ၁၃ မိုင်အတွင်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ရာ ရပ်ကွက် (၄)၊ ခြောက်ခန်းတွဲအဆောက်အအုံရှိရာ ကုန်း၊ RC ဘုရားကျောင်းရှိရာ ကုန်း၊ အ.မ.က (၂) ကျောင်းဝင်းနှင့် အိမ်များအကြား ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

" RC ဘုရားကျောင်းဘက်က ကုန်းကို လက်နက်ကြီး အလုံး ၃၀ ကျော်ပစ်တယ်။ ရပ်ကွက် (၄) ခြောက်ခန်းတွဲအဆောက်အအုံကုန်းဘက်ကိုလည်း ပစ်တယ်။ အိမ်ကျိုအိမ်ကြားနဲ့ အ.မ.က-၂ ကျောင်းဝင်းထဲကျတယ် " ဟု ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရပ်ကွက်(၄) မှ ဒေသခံအမျိုးသားတစ်ဦး ဒူးတွင် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်း​၏ သားဖြစ်သူ နားစည်ထိခိုက်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက် ညနေပိုင်းကလည်း သံတောင်မြို့နယ် ရဲစခန်းအား PDF- ThanDaung အဖွဲ့က လက်နက်ကြီးများဖြင့် သွားရောတိုက်ခိုက်ခဲ့ရာ လက်နက်တိုက်နှင့် အချုပ်ခန်းအား ထိမှန်ခဲ့ပြီး ရဲနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကာ အချုပ်ကျနေသော လူငယ်တစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#၁၃ဦးသေဆုံး

#တပ်မဟာ(၂)နယ်မြေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly