ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က  ပြည်သူများ၏  နေအိမ်ကို ဝင်ရောက်ဖျက်ဆီး

By အဂမ် (မဇ္ဈိမ)
31 May 2023
ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က  ပြည်သူများ၏  နေအိမ်ကို ဝင်ရောက်ဖျက်ဆီး

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ကောလင်းမြို့နယ် ကျောက်တန်းရွာရှိ ဒေသခံများ၏  နေအိမ်ကို  စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးကာ ၎င်းတို့အလိုရှိသည့် ပစ္စည်းများကို ခိုးယူသွားကြောင်း ကောလင်း အခြေစိုက် Kawlin Revolution-KRအဖွဲ့ က ယနေ့ မေလ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။

မေ ၂၆ ရက်က ကောလင်းမြို့မှ စတင်ထွက်ခွာလာသည့် စစ်ကောင်စီတပ်သည် မေ ၂၈ ရက်တွင် ကျောက်တန်းရွာသို့  ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီတပ်သည်  ပစ္စည်းများကို ကားကြီး၊ ကားငယ်များဖြင့် တင်ဆောင်ပြီး ၎င်းတို့ အထိုင်ချရာ သစ်ဖုလတောင်ကုန်း (အရပ်ခေါ် ဒေါ်ချစ်ဘုရား)သို့ သယ်ဆောင်သွားကြောင်း  Kawlin Revolution-KR အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက် မနက် ၉ နာရီတွင် သစ်ဖုလှတောင်ကုန်း မှ ကောလင်း-ကျောက်တန်းလမ်း အတိုင်း ကျောက်တန်းရွာသို့ ဆင်းလာသည့် စစ်ကောင်စီတပ်သည် ကျောက်တန်း အ.ထ.က စာသင်ကျောင်းရှေ့တွင် လည်း ကျောက်တန်းရွာသားတစ်ဦးကိုလည်း  ပစ်သတ်သွားကြောင်းမဇ္ဈိမရဲ့မြေပြင်အဖွဲ့က စုံစမ်းသိရှိထားသည်။

လက်ရှိတွင် ကောလင်းမြို့နယ် အင်ငူ - စံလယ် - ကျောက်တန်း - ခံသာ - ဆင်ကုန်းရွာများသို့ စစ်ကောင် စတပ်အင်အား ၁၅၀ ကျော်က ဖြန့်ကျက်နေရာယူထားပြီး တိုက်ပွဲအခြေအနေအသေးစိတ်ကို မဇ္ဈိမရဲ့ မြေပြင် သတင်းအဖွဲ့က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ကောလင်းမြို့နယ်  ကျောက်တန်းရွာသည် စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်တွင် တည်ရှိသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required