ဩစတြေးလျသို့ ပို့ဆောင်မည်ဟု ယုံကြည်ရသည့် ခရစ္စတယ် မက်သာဖက်တမင်း မူးယစ်ဆေးဝါး တစ်တန်ကျော်ကို ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ်တစ်ခု၌ ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းနိုင်ငံ၏ ဥပဒေစိုးမိုးရေးအရာရှိများက မေလ ၂၉ ရက်တွင် ပြောသည်။
“အိုက်စ်” ဟု သိကြသည့် မူးယစ်ဆေးဝါး ၁ ဒသမ ၂ မက်ထရစ်တန် (၂,၆၄၆ ပေါင်) သည် မြန်မာ၊ လာအိုနှင့် ထိုင်း သုံးနိုင်ငံ ဆုံရာ ရွှေတြိဂံနယ်မြေ၏ တစ်စိတ်တစ်ဒေသဖြစ်သော ထိုင်းမြောက်ဘက် နယ်စပ်ဒေသတစ်ခုမှ ဝင်လာဖွယ် ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့မှ အရာရှိများက ထုတ်ပြန်သည်။
မြန်မာသည် မက်သာဖက်တမင်း အဓိကထုတ်လုပ်ရာ နေရာတစ်ခု ဖြစ်ပြီး မက်သာဖက်တမင်းသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အရှေ့တောင်အာရှ၌ ပြည်တွင်း သုံးစွဲမှုနှင့် တင်ပို့မှုအတွက် အဓိကျဖြစ်သော တရားမဝင် မူးယစ်ဆေးဝါး ဖြစ်လာခဲ့ပြီး ဘိန်းနှင့် ယင်း၏ ထုတ်ကုန် ဘိန်းဖြူ၏ နေရာတွင် အစားဝင်ခဲ့သည်။ ဆယ်စုနှစ်များကြာ နိုင်ငံရေး မငြိမ်မသက်မှုကြောင့် မြန်မာ၏ နယ်စပ်ဒေသများကို အများအားဖြင့် ဥပဒေမဲ့ ဖြစ်စေခဲ့ပြီး ယင်းအခြေအနေအပေါ် မူးယစ်ဆေးဝါး ထုတ်လုပ်သူများနှင့် ကုန်ကူးသူများက အမြတ်ထုတ်အသုံးချခဲ့ကြသည်။
မက်သာဖက်တမင်းကဲ့သို့ ဓာတုဗေဒနည်းဖြင့် ဖန်တီးသည့် မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်းနှင့် တရားမဝင် ကုန်ကူးခြင်းတို့က ဒေသတွင် အလျင်အမြန် ကြီးထွားလာနေကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံးက ယမန်နှစ် မေလ အစီရင်ခံစာတစ်ရပ်တွင် သတိပေးသည်။ အရှေ့ အာရှနှင့် အရှေ့တောင်အာရှတွင် ဖမ်းဆီးရမိသည့် မက်သာဖက်တမင်း ဆေးပြားအရေအတွက်သည် ၂၀၂၁ ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် တစ်ဘီလီယံကို ကျော်လွန်ခဲ့သည်ဟုလည်း ယင်းက ပြောသည်။
ဆုန်ခလာ ပြည်နယ်တွင် ပြီးခဲ့သည့် မေလ ၂၄ ရက်က ဖမ်းဆီးရမိသည့် မက်သာဖက်တမင်းများကို လက်ဖက်ခြောက် အထုပ်များအဖြစ် ပုံဖျက်ဖုံးကွယ်ထားခြင်း ဖြစ်သည်။ အဆိုပါ မူးယစ်ဆေးဝါးများကို သယ်ယူပို့ဆောင်သည်ဟု ယုံကြည်ရသော သံသယရှိသူ သုံးဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် မူးယစ်ကုန်ကူးသူများ၏ အစီအစဉ်ကို သိရှိရန် ခက်ခဲသွားခဲ့ကြောင်း တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။
မူးယစ်ကုန်ကူးဂိုဏ်း၏ အကြီးတန်း အဖွဲ့ဝင်များကို ဖမ်းဆီးနိုင်ရေးအလို့ငှာ ထို မူးယစ်ဆေးဝါးများ၏ ခရီးဆုံးနေရာဟု ယုံကြည်ရသော ဩစတြေးလျအထိ ခြေရာခံ လိုက်ရန် အာဏာပိုင်တို့က မျှော်လင့်ခဲ့သော်လည်း ဆုန်ခလာရှိ သံသယရှိ မှောင်ခိုကူးသူ သုံးဦးက ၎င်းတို့ စောင့်ကြည့်ခံနေရကြောင်းကို သိရှိပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဝီချိုင်း ချိုင်မုန်ကောလ်က ပြောသည်။
နေအိမ်တစ်လုံးနှင့် ပစ်ကပ် ထရပ်ကားနှစ်စီးပေါ်တွင် ဝှက်ထားသည့် ထိုမူးယစ်ဆေးများကို ရေလမ်းကြောင်းဖြင့် ဩစတြေးလျသို့ မှောင်ခိုပို့ဆောင်ရန် စီစဉ်ထားခဲ့သည်ဟု ထိုင်းတာဝန်ရှိသူများက ယုံကြည်ကြကြောင်း ဝီချိုင်းက ပြောသည်။
မတ်လနှင့် ဧပြီလက ဘန်ကောက်အပါအဝင် မကြာသေးခင်က စီးနင်းမှုများအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာလည်း ဩစတြေးလျသို့ ဦးတည်ပို့ဆောင်ရန် မူးယစ်ကုန်ကူးသူများက စီစဉ်ထားခဲ့ကြသည်ဟု သိရသည်။
Authorities in Thailand seize more than a ton of crystal methamphetamine thought bound for Australia
https://abcnews.go.com/International/wireStory/authorities-thailand-seiz...