တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာတွင် စစ်ကောင်စီက ဝါဒဖြန့်လမ်းကမ်းစာစောင်များဖြန့်ဝေ

By ကိုရွှေမြိတ် (မဇ္ဈိမ)
29 May 2023
တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာတွင် စစ်ကောင်စီက ဝါဒဖြန့်လမ်းကမ်းစာစောင်များဖြန့်ဝေ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာတွင် မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီက ဝါဒဖြန့်လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအင်အားစုများအပေါ် ပြည်သူများအထင်မြင်လွဲမှားစေသည့် လက်ကမ်းစာစောင်များအား ကျေးရွာအတွင်းလိုက်လံဖြန့်ဝေခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ညောင်ပင်ကွင်းရွာအရှေ့ကမ်းနှင့် အနောက်ကမ်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့က လမ်းသွားလမ်းလာ ပြည်သူများ၊ နေအိမ်များအပါဝင် လမ်းဘေးဓာတ်တိုင်များပါမကျန် ၎င်းတို့၏ ဝါဒဖြန့်စာစောင်များ ကပ် သွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ ဝါဒဖြန့်စာစောင်များတွင် NUG နှင့် NLD အစွန်းရောက်နိုင်ငံရေးသမားများသည် လူငယ်များကို အသုံးချနေသည်ဟူ၍လည်းကောင်း၊ NUG ဝန်ကြီးများ၏ ပုံများကိုဖော်ပြကာ “မြို့ပေါ်မှာ နေပြီး ပြည်သူကို တောခိုခိုင်းသူများ”ဟူ၍လည်းကောင်း ဖော်ပြထားသည်။

ထို့ပြင် ၎င်းတို့ဖန်တီးထားသည့်ပုံများ၊ အွန်လိုင်းပေါ်တွင်ပျံ့နှံ့နေသည့်ပုံများကိုလည်း လိုရာဆွဲ၍ ပြည်သူ များအထင်အမြင်မှားစေရန် စွပ်စွဲရေးသားထားသည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေထားခြင်းဖြစ် သည်။

“ရွာထဲမှာ လာကပ်သွားတယ်သိရတယ်။ သိပ်မကြာပါဘူး။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းကြား လို့ သွားရှာတဲ့အချိန်မှာ တပ်ထဲကိုဝင်ပြေးသွားတယ်”ဟု ညောင်ပင်ကွင်းကျေးရွာနေ ဒေသခံတဦးက ပြောသည်။

ဝါဒဖြန့်စာစောင်များကို လာရောက်ဖြန့်ဝေခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းအရ တိုက်ခိုက်ရန်သွားရောက်စဉ် ညောင်ပင်ကွင်းအခြေစိုက် တပ်ရင်း (၅၆၁) ထဲသို့ ဝင်ပြေးသွား သည်ဟု PDF များကဆိုသည်။

တနင်္သာရီမြို့နယ်ရှိ တပ်ရင်း (၅၆၁)မှတပ်သားများသည် တိုက်ပွဲဖော်ဆောင်ရန်ပင် အလွန်ကြောက်လန့် နေကြကြောင်း ၎င်းတို့ကဆိုသည်။

ယခုဝါဒဖြန့် စာရွက်များဖြန့်ဝေရာတွင်၌ တပ်စခန်းများမှထွက်၍ လက်ကမ်းစာစောင်များကို လမ်းသွား၊ လမ်းလာများအားပေး၍ တစ်ဆင့်ခံဝါဒဖြန့်ရသည့်အထိပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များထံမှ သိရသည်။

တနင်္သာရီမြို့နယ်သည် စစ်ကောင်စီတပ်၏ စစ်အုပ်ချုပ်ရေး ကြေညာထားသောမြို့နယ်လည်း ဖြစ်သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီမြို့နယ်

#ညောင်ပင်ကွင်း

#ဝါဒဖြန့်

#လက်ကမ်းစာစောင်

#တပ်ရင်း(၅၆၁)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly