တပ်မတော်သားတွေကို နားလည်အောင် ရှင်းပြပါ။ တပ်မတော်သားတွေကလည်း ဖွဲ့စည်းပုံနဲ့အညီ ဆုံးဖြတ်တာကို လက်ခံကြပါ။

တပ်မတော်သားတွေကို နားလည်အောင် ရှင်းပြပါ။ တပ်မတော်သားတွေကလည်း ဖွဲ့စည်းပုံနဲ့အညီ ဆုံးဖြတ်တာကို လက်ခံကြပါ။

မတ်လ ၂၈ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီနေ့မှာ နိုင်ငံတော် သမ္မတ က နာမည်စာရင်းတင်သွင်းတဲ့ နိုငိငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး အဖွဲ့ဝင်နဲ့ ဥက္ကဌ တွေကို ကန့်ကွက်သူ မရှိရင် အတည်ပြုကြဖို့ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ထွန်းလင်းဦးက ခုံရုံးအဖွဲ့ ဝင်တွေဖြစ်တဲ့ ဒေါ်ခင်ဌေးကြွယ်နဲ့ ဦးတွာလ်ကျင်ပေါင်တို့ရဲ့ ကိုယ်ရေး အချက်အလက်နဲ့ ပတ်သက်ပြီး အဆိုတင် မေးခွန်းထုတ်ပါတယ်။ ဒါကို လွှတ်တော်နာယက မန်းဝင်းခိုင်သန်းနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်တို့က ပြန်လည် ဖြေရှင်းတာတွေ၊ ပွင့်လင်းမြင်သာမှု ရှိအောင် လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူတာတွေ လုပ်ပါတယ်။ အလွန်စိတ်ဝင်စားစရာ ကောင်းတဲ့ ဖြစ်ရပ်ပါ။ ဒီ ဖြစ်ရပ်ကို ဘယ်လို နားလည်ယူသင့်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေ တွေနဲ့အညီ နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံထားရတဲ့ ဦးထင်ကျော်က အဖွဲ့ဝင် စုစုပေါင်း (၉) ယောက် ပါဝင်တဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်တွေရဲ့ အမည်စာရင်း မတ်လ ၂၄ ရက်နေ့က လွှတ်တော်ကို တင်ပြပါတယ်။ ဒီ (၉) ယောက်ထဲကမှ ဦးမျိုးမြင့်ကို ခုံရုံးဥက္ကဌအဖြစ် ရွေးချယ် ထားတာပါ။ လွှတ်တော်နာယကက ဒီ အဖွဲ့ဝင်တွေနဲ့ ပတ်သက်ရင် ဖွဲ့စည်းပုံနဲ့ အညီ ကန့်ကွက်လိုသူရှိရင် မတ်လ ၂၅ ရက် နောက်ဆုံးထား တင်ပြဖို့ လွှတ်တော်ကို ပြောပါတယ်။ အစည်းအဝေးအပြီး အဲဒီ (၉) ယောက်ရဲ့ ကိုယ်ရေး အကျဉ်းကို ဖြန့်ဝေပါတယ်။

ဒီလိုနဲ့ ခုံရုံးအဖွဲ့ကို အတည်ပြုဖို့ စီစဉ်ထားတဲ့ မတ်လ ၂၈ ရက်နေ့မှာ တပ်မတော်သား အမတ် မေးခွန်းထုတ်ထားတဲ့ အဆို၊ လွှတ်တော်တွင်း ဆွေးနွေးစရာ ဖြစ်လာတာပါ။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ထွန်းလင်းဦးရဲ့ အဆိုကို အကျဉ်းရုံး ဖော်ပြရရင် အမတ်တွေကို ဖြန့်ဝေထားတဲ့ ဒေါ်ခင်ဌေးကြွယ်နဲ့ ဦးတွာလ်ကျင်ပေါင် တို့ နှစ်ယောက်ရဲ့ အချက်အလက် ဖော်ပြချက်ဟာ မပြည့်စုံဘူး၊ ဒီပုဂ္ဂိုလ်တွေဟာ တိုင်းပြည်မှာ အလွန်အရေးကြီးတဲ့ ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံးအတွက် အဖွဲ့ဝင်အဖြစ် ခန့်အပ်မယ့်သူတွေ ဖြစ်နေတယ်၊ ဒါကြောင့် အချက်အလက် ပြည့်စုံသင့်တယ်လို့ ပြောပြီး “ ကိုယ်ရေးမှတ်တမ်းများမှာ တိကျ ပြည့်စုံမှု မရှိသဖြင့် သတ်မှတ်ချက်များနှင့် အညီ စိစစ်ရန် ခဲယဉ်းနေလျက် စိစစ်ရန် အချိန်လုံလောက်မှု မရှိကြောင်း တွေ့ရှိရပါတယ်။”  ဒါကြောင့်“ ၎င်းတို့နှစ်ဦးရဲ့ ကိုယ်ရေးအချက်အလက်များကို ထပ်မံဖြည့်သွင်းပြီး ပြည်ထောင်စု လွှတ်တော်ကို ထပ်မံ တင်ပြသင့်ပါကြောင်း နဲ့ သတ်မှတ် အရည်အချင်းများနဲ့ ပြည့်မီပါက ထောက်ခံသွားမည် ဖြစ်ပါကြောင်း လေးစားစွာ အဆို တင်သွင်းအပ်ပါတယ် ခင်ဗျား။” ဆိုပြီး ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ရင် လွှတ်တော် နာယက ရှင်းလင်းတာကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါတဲ့အတိုင်း သမ္မတ က ခုံရုံးအဖွဲ့ဝင်တွေ နာမည်စာရင်း တင်တယ်၊ လွှတ်တော်နဲ့ အမတ်တွေရဲ့ တာဝန်က ဖွဲ့စည်းပုံပါ ခုံရုံးအဖွဲ့ဝင် တစ်ယောက်မှာ ရှိရမယ့် အရည်အချင်းနဲ့ ကိုက်ညီမှု မရှိကြောင်း အထင်အရှား ပြရမယ်၊ မပြနိုင်ရင် သမ္မတ တင်ပြလာသူကို ငြင်းပယ်ခွင့် မရှိစေရ ဆိုပြီးဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရဆိုရင် တပ်မတော်သား လွှတ်တော်အမတ်ဟာ ဒေါ်ခင်ဌေးကြွယ်နဲ့ ဦးတွာလ်ကျင်ပေါင်တို့ နှစ်ယောက်ကို ခုံရုံးအဖွဲ့ဝင် အရည်အချင်းနဲ့ ကိုက်ညီမှု မရှိကြောင်း မပြနိုင်ခဲ့ပါဘူး။ အဲလို ပြပြီး ကန့်ကွက်တာမျိုးလည်း မရှိပါဘူး။ ဒါကြောင့် လွှတ်တော်ဘက်က ခုံရုံး အဖွဲ့ဝင်တွေအားလုံးရဲ့ နာမည်စာရင်းကို အတည်ပြုပေးလိုက်တာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီညွတ်ပါတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ တို့ကလည်း ဖွဲ့စည်းပုံကို ကိုင်ပြီး ရှင်းပြတာ သင့်တော်ပါတယ်။ ဒါတင်မက တပ်မတော်သား အမတ် တင်ပြတာကို အဆို တစ်ခုလို သတ်မှတ်ပြီး လွှတ်တော် လုပ်ထုံးလုပ်နည်းနဲ့ အညီ အဆိုကို ဆက်ပြီး ဆွေးနွေးဖို့ သင့် မသင့် မဲခွဲဆုံးဖြတ်တာမျိုး လုပ်ပေးခဲ့တာကလည်း ကောင်းမွန်တဲ့ လုပ်ရပ်ပါ။ ဒီကိစ္စ အင်န်အယ်လ်ဒီ အမတ်တွေဘက်က တပ်မတော်သားတွေ နားလည်အောင် ရှင်းပြတာကို အသိအမှတ်ပြုရမှာ ဖြစ်သလို၊ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လျော်ညီတဲ့အတွက် တပ်မတော်သား အမတ်တွေ ဘက်ကလည်း ကျေကျေနပ်နပ် လက်ခံကြရမှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ရွေးကောက်ခံတွေနဲ့ တပ်မတော်သား အမတ်တွေကြား ဒီထက်ပိုကောင်းတဲ့ ဆက်ဆံရေး ဖြစ်ပေါ်လာအောင် လုပ်စရာတွေ ရှိနေပါသေးတယ်။ တပ်မတော်သား အမတ် ထောက်ပြ တဲ့အထဲမှာ အမှန်တရား တစ်ခု ပါပါတယ်။ အဲဒါကတော့ ပြည်ထောင်စု အဆင့် တာဝန်ပေးမယ့် ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေး အချက်အလက်တွေ ပြည့်စုံမှု မရှိတာပါ။ တကယ်တော့ ဒီ အစဉ်အလာကို စ ခဲ့သူတွေဟာ အရင် လွှတ်တော်ကို တာဝန်ယူခဲ့ကြတဲ့ ပြည်ခိုင်ဖြိုး အမတ်တွေ တစ်နည်းအားဖြင့် စစ်ဗိုလ်ချုပ်ဟောင်းတွေ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ကာလ ကို ပြန်ကြည့်ရင် သမ္မတ ဦးသိန်းစိန်က ဝန်ကြီးလောင်း စာရင်းတင်တဲ့ဆီမှာ အလွန်တိုနှံ့နှံ့ အချက်အလက် မပြည့်မစုံ၊ တစ်ယောက်နဲ့ တစ်ယောက်လည်း မတူညီ၊ ပုံစံရယ်လို့ စနစ်တကျ မရှိ တင်ပြခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက ဘယ်တပ်မတော်သား အမတ်တွေကမှ အချက်အလက်တွေ မပြည့်စုံပါဘူး ဆိုပြီး အဆိုတင်တာ၊ စောကဒ တက်တာ မလုပ်ခဲ့ကြပါဘူး။ နောက်ပိုင်း ၅ နှစ်တာကာလပတ်လုံး သမ္မတ ဦးသိန်းစိန်ဟာ အဲဒီ အတိုင်းလုပ်ခဲ့ပြီး လွှတ်တော်ဥက္ကဌတွေ၊ တပ်မတော်သား အမတ်တွေရော၊ အခြား အမတ်တွေကရော ဘယ်သူမှ အဲဒီကိစ္စ စောဒက မတက်ခဲ့ကြပါဘူး။

ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တွေ ဆိုတာ တိုင်းပြည်အတွက် အလွန်အရေးကြီးတယ်၊ ဒါကြောင့် သူတို့ကို နာမည်စာ ရင်းတင်တဲ့အခါ ကိုယ်ရေး အချက်အလက်တွေ ပြည့်ပြည့်စုံစုံ ပါသင့်တယ်၊ ဘယ်အချက်ဘယ် အလက်တွေကတော့ ပါကိုပါရမယ် စသဖြင့် အဆိုတင်တာ၊ လုပ်ထုံးလုပ်နည်း ပြုပြင်ဖို့ ကြိုးစားတာ မရှိခဲ့ပါဘူး။ အခု တပ်မတော်ဘက်က အဲလို အဆိုတင်လာတော့ အားလုံး အခက်တွေ့ကြတာ ဖြစ်ပါတယ်။ တကယ်တော့ တပ်မတော်သား အမတ် တင်တဲ့အချက်ဟာ မှန်ကန်ပြီး ဖြစ်သင့်ပါတယ်။ ဒါကြောင့် ဇွဲမလျော့ပဲ နောက် လွှတ်တော် အစည်းအဝေးတွေမှာ ပြည်ထောင်စု အဆင့် တာဝန်ပေး မယ့်လူ နာမည်စာရင်းတင်ရင် အချက်အလက်တွေ ဘယ်လို ပြည့်စုံရမယ်၊ အဲဒါကို စုံစမ်းဖို့ အနည်းဆုံး အချိန်ဘယ်လောက် ပေးသင့်တယ် စသဖြင့် လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းတွေ ပြုပြင်တဲ့ အဆို တင်သင့်ပါတယ်။ ဒါမျိုးဆို အင်န်အယ်လ်ဒီ ဘက်ကလည်း ထောက်ခံသင့်ပါတယ်။

ဒီ့အပြင် အရေးကြီးတဲ့ အချက်ကတော့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ တစ်ဖက်စောင်း နင်း နိုင်မှုပါ။ တိုင်းပြည်ကို စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ယောက်က သမ္မတလုပ် အုပ်ချုပ်တာ ပြသနာ မရှိပေမယ့် ရွေးကောက်ခံတွေက ရွေးချယ်တဲ့ ပြည်သူ့သမ္မတ တစ်ယောက် အုပ်ချုပ်တဲ့အခါ တပ်မတော်စစ်ခေါင်းဆောင်တွေကို ခံရခက်စေပါတယ်။ နောက်ထပ် အဲလို ပြသနာ အများကြီး လာနိုင်ပါသေးတယ်။ ဒါပေမယ့် ဒီပြသနာဟာ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီတွေ၊ ပြည်သူတွေ ဖန်တီးထားတာမျိုး မဟုတ်ပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဖန်တီးထားတာ ဖြစ်တဲ့အတွက် တပ်မတော် စစ်ခေါင်းဆောင်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲ အမွေပေးသွားတဲ့ အရင် စစ်အာဏာရှင်ဟောင်းတွေကိုပဲ အပြစ်တင်သင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly