မုံရွာမြို့အဝင်ဂိတ်အနီးမှ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီဆိုသူများ တိုက်ခိုက်ခံရ

By ပါခွီး (မဇ္စျိမ)
29 May 2023
မုံရွာမြို့အဝင်ဂိတ်အနီးမှ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီဆိုသူများ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် တိုးဂိတ်အနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး အဖွဲ့ဝင်များကို ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်သည်ဟု Area 71 People Defence Force က ယနေ့ မေလ ၂၉ ရက်တွင် ထုတ်ပြန်သည်။

မုံရွာ-မန္တလေး လမ်းမကြီးပေါ်ရှိ တိုးဂိတ်အနီးတွင် အင်အား ၃၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို မေလ ၂၇ ရက် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် သွားရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့ တိုက်ဖို့ချောင်းနေတာကြာပါပြီ ၊ အခုဘက်သုံးဘက်ကနေပြီး အလစ်ဝင် တိုက်ခဲ့တာပါ” ဟု Area 71 People Defence Force တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

မေလ ၂၉ ရက် မနက်ပိုင်းတွင် ဖရဲသီး(တပ်တွင်းသတင်းပေး)သတင်းပေးချက်အရ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီးအဖွဲ့ဝင် စုစုပေါင်း ၁၁ ဦး သေဆုံးပြီး သေဆုံးရုပ်အလောင်းများကို နံနက် ၄ နာရီအချိန်တွင် ကားများဖြင့် လာရောက် ကောက်ယူသွားကြောင်း Area 71 People Defence Force တပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါတိုက်ပွဲကို Area 71 People Defence Force ၊ Youth Revolution Attack Force ၊ Ronin Thirteen People’s Defence Force (ဒေါင်းမင်းစစ်ကြောင်း အညာတပ်ခွဲ) Monywa Special ဒိတ်ဒိတ်ကြဲ (နှင့် မုံရွာခရိုင်တပ်ရင်း (၂၃)၊ (၂၄)မှ ရဲဘော်များ ) ကျောက်ဆည်ခရိုင်တပ်ရင်း(၂)မှ ရဲဘော် များ နှင့် Delta Force တောင်သာ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သောပျူစောထီးများသည် တောပုရွာမှဖြစ်ကြကြောင်းလည်း သိရသည်။

ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါတိုးဂိတ်မှ ဖြတ်သန်းသွားလာကြသည့် ကား၊ ဆိုင်ကယ်များ ကို စစ်ဆေး၍ ငွေတောင်းခံခြင်း၊ စစ်ကြောင်းထိုးခြင်းနှင့် ခရီးသွားပြည်သူများကို လူသားဒိုင်းပြုလုပ်ကာ မိုင်းရှာခိုင်းခြင်းများ ပြုလုပ်လျှက်ရှိကြောင်း Area 71 PDF တာဝန်ရှိသူက ပြောသည်။

မုံရွာ - မန္တလေး လမ်းမပေါ်ရှိ မုံရွာ - ချောင်းဦး လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လှုပ်ရှားနေသဖြင့် မေလ ၂၇ ရက်နေ့က ယင်းလမ်းပိုင်းအား သွားလာခွင့် ပိတ်ပင်ကြောင်းထုတ်ပြန်ခဲ့ပြီး ယခုအခါတွင် ပြန် လည် သွားလာနိုင်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

စာတည်း။    ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly