ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ချုပ်လုပ်ထားသည့်ပိုးထည်ကို ရောင်းချပြီး ရန်ပုံငွေ ရှာဖွေ

By ဂန္ဒမာ (မဇ္ဈိမ)
29 May 2023
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ချုပ်လုပ်ထားသည့်ပိုးထည်ကို ရောင်းချပြီး ရန်ပုံငွေ ရှာဖွေ

ဒီမိုကရက်တစ်လူငယ်ကောင်စီက အာဏာသိမ်းစစ်တပ်၏ ထောင်သွင်းအကျဉ်းချခြင်းခံထားရ သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အတွက် ချုပ်လုပ် ထားသည့်  ပိုးထည်စစ်စစ်ကို ရောင်းချကာ ရန်ပုံငွေရှာဖွေရေးပွဲ ပြုလုပ်နေကြောင်း သိရသည်။

လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒီမိုကရက်တစ်လူငယ်ကောင်စီမှ ရန်ပုံငွေရှာဖွေရေးပွဲ ပြုလုပ်နေခြင်း ဖြစ်သည်။

“ဇွန်လ ၁၉ ရက်နေ့ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ရက်မြတ်ဖြစ်ပါတယ်၊ အမေ့ ရဲ့မွေးနေ့မှာ အမေပြန်လာရင်ဆင်မြန်းဖို့ ကျွန်တော်တို့ လူငယ်နိုင်ငံရေးအဖွဲ့အစည်းမှ ရည်မှန်းပြင်ဆင် ထားတဲ့ပိုးထည်စစ်စစ် (အမေ့ကိုယ်ခန္ဓာအချိုးအစား)အတိုင်း ချုပ်လုပ်ထားတဲ့အထည်တစ်ခုကို ကံစမ်းမဲ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်” ဟု ဒီမိုကရက်တစ်လူငယ်ကောင်စီ(ဥက္ကဋ္ဌရုံး)က မဇ္ဈိမကို ပြောသည်။ 

“Bayda Raffle Event” ဟု အမည်ပေးထားသည့် အဆိုပါ ရန်ပုံငွေရှာဖွေရေးပွဲကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့ကစတင်ပြုလုပ်နေခြင်းဖြစ်ပြီး ဇွန်လ ၁၈ ရက်နေ့အထိ လက်မှတ်များရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကံစမ်းမဲ လက်မှတ်တစ်စောင်လျှင် ကျပ် ၁၀,၀၀၀ ဖြင့် အစောင်ရေ ၅၀၀ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ပုံငွေရှာဖွေရေးပွဲမှ ရရှိလာသော အလှူငွေများကို ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ စစ်ကိုင်းတိုင်း တာဝန်ခံအဖွဲ့၊ ရှမ်းပြည်နယ် တာဝန်ခံအဖွဲ့တို့မှတဆင့် ပြည်နယ်အတွင်း နိုင်ငံရေး၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း ဒီမိုကရက်တစ် လူငယ်ကောင်စီ(ဥက္ကဋ္ဌရုံး)မှ ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီမိုကရက်တစ်လူငယ်ကောင်စီမှ နိုင်ငံရေး ဟောပြောပွဲလည်း ကျင်းပပေးနိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

“နိုင်ငံတော်အတိုင်ပင်ခံအနေဖြင့်လည်း လူငယ်တွေရဲ့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အခန်းကဏ္ဍကို အထူး မျှော်မှန်းခဲ့တယ်လို့ ယုံကြည်ပါတယ်၊ နောက်တချက်က ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ ပန်းတိုင် သုံးခု ထဲက လူငယ်များအနေဖြင့် နိုင်ငံရေးတွင် ပိုမိုကျယ်ပြန့်စွာ ပါဝင်လာစေရေးဖြစ်တာမို့ လူငယ်တွေအတွက် လိုအပ်တဲ့ နိုင်ငံရေးသင်တန်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းတို့ကို စဉ်ဆက်မပြတ် ဖွင့်လှစ် နိုင်စေရေးတို့နဲ့ ကိုယ့်ပြည်နယ်အကျိူးအတွက် ပါဝင်စွမ်းဆောင်နိုင်စေရေးတို့အတွက် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ဒီမိုကရက်တစ် လူငယ်ကောင်စီ(ဥက္ကဋ္ဌရုံး)မှ ပြောသည်။

ဒီမိုကရက်တစ်လူငယ်ကောင်စီသည် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ် ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တိုင်းဖြင့် ချုပ်လုပ်ထားသော ပိုးထည်ဖြင့် မွေးနေ့အမှတ်တရ ရန်ပုံငွေ ရှာဖွေရေးမှတဆင့် လူငယ်များ၏ နိုင်ငံရေးပါဝင်မှု၊ တော်လှန်ရေးတွင်ကဏ္ဍပေါင်းစုံမှ ပါဝင်နိုင်စေရန် မြှင့်တင်သွားမှာဖြစ်ကြောင်း  သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တရားရုံးက အမှု ၁၉ မှုအတွက် ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ် ချမှတ်ထားပြီး နေပြည်တော် အချုပ်ထောင် တွင် အကျဉ်းချ ထိန်းသိမ်းထားသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly