အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်ဖို့ KIO နဲ့ PSLF တို့ သဘောတူ

29 May 2023
အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်ဖို့ KIO နဲ့ PSLF တို့ သဘောတူ

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့အထိ အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ဖို့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး လက်တွဲဆောင်ရွက်ဖို့ အချက် အပါအဝင် သဘော တူညီချက် ၅ ချက်ရရှိခဲ့ကြောင်း ပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့မှာ နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သဘောတူညီချက်တွေကို မေလ ၂၈ ရက်မှာ ထုတ်ပြန်ကြေညာတာဖြစ်ပါတယ်။

အမျိုးသားတန်းတူ‌ရေးကို အခြေခံပြီး အရေးကြီးတဲ့ ကိစ္စရပ်တိုင်းမှာ နှစ်ဖက်ညှိနှိုင်းတိုင်ပင်ဆုံးဖြတ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုင်းရင်းသားလက်နက်တော်လှန်ရေးအဖွဲ့(EROs) များဖြစ်ကြတဲ့ KIO နဲ့ PSLF တို့ သဘောတူညီခဲ့ကြတဲ့ အချက် ငါး ချက်မှာ 

-အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲ ဆောင်ရွက်သွားကြရန်၊ 

-အမျိုးသား တန်းတူရေးအပေါ် အခြေခံပြီး အပြန်အလှန်လေးစားလျက် ရှေးယခင် အတိုင်း ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်သွားရန်၊ 

-အငြင်းပွားဖွယ်ရာ သမိုင်းကြောင်းများနဲ့ အမုန်းစကားများကို ရှောင်ကြဉ်ကာ ချစ်ခင်ရင်းနှီးမှုတို့ကို အလေးထားဆောင်ရွက်ရန်၊ 

-မမျှော်လင့်တဲ့ အခက်အခဲများ ပေါ်ပေါက်လာပါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ရ ရှိရေးအတွက် နှစ်ဖက်တိုင်ပင်ညှိနှိုင်း ဖြေရှင်းသွားကြရန် 

-ပဋိပက္ခမပေါ်ပေါက်စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန်တို့ ဖြစ်တယ်လို့ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly